ယီယွမ်၏ လက်ရှိအဆင့်အတန်းက အလွန့်အလွန် မြင့်မားနေခဲ့ပေပြီ။

ဤမျှများပြားသော လူများရှေ့တွင် အဆင့်မြင့်အဖွဲ့၏ အတွင်းစည်းတပည့်ကို မည်သည့်အတွက် ဝမ်ဒွန်ဟိုင်က မရိုမသေ မလေးမစား ပြုမူရဲမည်နည်း။ အကယ်၍သူက ထိုသို့ အမှန်တကယ်ပြုလုပ်ခဲ့ပါက သူကယီယွမ်အား လုပ်ကြံသတ်ဖြတ်နှုတ်ပိတ်လိုက်လျှင်ပင် ဤကိစ္စက ငြိမ်သက်တိမ်တိုက်အဖွဲ့ထံသို့ ရောက်ရှိသွားပါက ဝမ်ဒွန်ဟိုင်မှာ အကြိမ်တစ်ထောင်ခန့် သေဆုံးသွားရပေလိမ့်မည်။

အဖွဲ့တစ်ခု၏စွမ်းအားက သာမန်ကမ္ဘာငယ်လေးတစ်ခုမှလူများ ခန့်မှန်းနိုင်သည့်အရာမဟုတ်ပေ။ မှော်ဆေးပညာရှင်ဂရန်းမာစတာတစ်ဦးဖြစ်သော ဝမ်ဒွန်ဟိုင်က ထိုအချက်ကို လေးနက်စွာ သိရှိနားလည်ထားခဲ့ပြီးဖြစ်သည်။

“အမ်… အဆင့်မြင့်အဖွဲ့ရဲ့ အတွင်းစည်းတပည့်ဖြစ်တဲ့ ကျွန်တော်က ခင်ဗျားအရိုအသေပေးရမဲ့ အဆင့်အတန်းမရှိသေးလို့များ ဖြစ်နေသလား…..” ယီယွမ်က မျက်မှောင်ကုတ်၍ ပြောဆိုခဲ့၏။

ဝမ်ဒွန်ဟိုင်က အံကိုတင်းတင်းကြိတ်၍ ခေါင်းငုံ့ကာ အရိုအသေပေးတော့မည့်ဆဲဆဲတွင် အသံတစ်ခုက ပျံ့လွင့်လာခဲ့သည်။ “မင်းက အခုအချိန်မှာ အဖွဲ့ကိုမဝင်ရသေးဘူးလေ… ဂျူနီယာညီလေးယီက တကယ်ကို ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာပဲ… အဖွဲ့ထဲမှာ ဘယ်လိုစည်းကမ်းမျိုးက စွမ်းအားကိုအသုံးချပြီး အခြားသူတွေကို အနိုင်ကျင့်ခိုင်းလို့လဲ…..”

ထိုစကားကိုကြားလိုက်ကြသော လူတိုင်းက နောက်သို့လှည့်ကြည့်လိုက်ကြရာတွင် အဖိုးကြီးနှစ်ဦးနှင့် လူငယ်လေးတစ်ဦး စုစုပေါင်း လူသုံးဦးက အတူတကွရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

အဖိုးကြီးနှစ်ဦးမှာ အခြားသူများမဟုတ်ကြပေ။ တိတိကျကျပင် စူးယူလင်နှင့် စူးယူဘိုင်တို့ဖြစ်ကြပြီး အလယ်မှလိုက်ပါလာသော လူငယ်လေးမှာ ယီယွမ်၏မိတ်ဆွေဟောင်းဟူ၍ သတ်မှတ်၍လည်း ရပေသည်။ ယန်ဟွာမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

စောစောက ထွက်ပေါ်လာခဲ့သော ထိုအသံက ယန်ဟွာ၏နှုတ်မှထွက်လာခဲ့ခြင်း ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now