သန့်က ခေါင်းငြိမ့်ပြလေလျှင် ကျွန်မလည်း ရှက်ကိုးရှက်ကန်းဖြင့် ထထွက်လာလေ၏။

ထိုနေ့ညက ကျွန်မဘဝမှာ အမှတ်တရပင်...။ တစ်ချိန်လုံး သန့်နှင့် နှစ်ယောက်တည်း အတူရှိခွင့်ရခဲ့သည်။ သန့်က ဘေးနားတွင် ဘုရားရှိခိုး ပရိတ်ကြီး၁၁သုတ် ရွတ်ပြီးနောက် ပုတီးစိပ်နေစဉ် ကျွန်မလည်း ဘုရားရှိခိုးပြီးနောက် တရားထိုင်နေလိုက်သည်။ ကျွန်မ တရားထိုင်နေစဉ် တစ်စုံတစ်ရာကြောင့် နွေးထွေးသွားသည် ဟု ခံစားလိုက်ရသည်။

နာရီဝက်ခန့် အကြာ ကျွန်မတရားဖြုတ်လေသော် ကျွန်မ ကိုယ်ပေါ်၌ သန့်၏ ခြုံပုဝါက လွှမ်းခြုံလျက်။ ကျွန်မ ဘေးနားကို လှည့်ကြည့်လေသော် သန့်က ကျွန်မကို ပြုံး၍ ကြည့်နေလေသည်။ ကျွန်မ၏ နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားရသည်။

.................

နောက်တစ်နေ့ မနက်တွင် သန့်၏ မျက်နှာ တည်နေသည်ကို ကျွန်မ သတိပြုမိလေသည်။ ကျွန်မနှင့် ခွဲရတော့မို့လို့လားဟု မဆီမဆိုင် တစ်ဖက်သတ်တွေးမိသေးသည်။ ထို့နောက်မှ ကိုယ့်အတွေးကိုယ် ရယ်ချင်မိသွားသည်။

ညက အိပ်မက်ထဲ၌ သန့်က ကျွန်မ၏ နှဖူးကို နမ်းလိုက်သည်ဟု မက်မြင်လေသည်။ အိပ်မက်ထဲအထိပါ လိုရာဆွဲမက်သော ကျွန်မ စိတ်ကို ကျွန်မ ရယ်ချင်မိသည်။

သန့်က ယနေ့ အစိမ်းရောင်ပေါ်တွင် ပန်းပွင့်များနှင့်ရောင်စုံခဲတံပုံ ပါသည့် ဝါးသားဝမ်းဆက်ကို ဝတ်ဆင်ထားလေသည်။

ပထမဆုံးအကြိမ် မြန်မာဝတ်စုံဖြင့် မြင်ရသည်မို့ ကျွန်မ အတွက် ထူးဆန်းနေလေသည်။ မြန်မာဝတ်စုံကို ကျနစွာ ဝတ်ဆင်ထားသာကြောင့် ခန္ဓာကိုယ်အလှမှာ ယခင်ထက်ပို၍ ပေါ်လွင်လေသည်။

ယခင်က အသန့်လေး ခန္ဓာကိုယ်လှမှန်း သိသော်လည်း ယခုမှာ ကိုယ်လုံးနှင့်အင်္ကျီကွက်တိဖြစ်သဖြင့် ကောက်ကြောင်းပို၍ပေါ်လွင်လေသည်။ ညိုပြာညက်သည့် အသားအရည်နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသော သူမလေးကို ငေးကြည့်နေမိသည်။

The Rope (Own Creation)Where stories live. Discover now