ကျွန်မ - " ညီမလေး က ဓာတ်ပုံရိုက်တာ တော်တော် ဝါသနာပါတယ် ထင်တယ်..."

သန့် - " ဆိုပါတော့... ဒါပေမယ့် အဲ့လောက်ကြီး မဟုတ်ဘူး... တကယ်တမ်း ဝါသနာပါတာက စာရေးတာ... အသန့်လေးက စာရေးဆရာ ဖြစ်ချင်တာ... အောင်စာရင်းထွက်ပြီးရင် မြန်မာစာ တက်မှာ... အိမ်နဲ့ကတော့ အတိုက်အခံ လုပ်ရဦးမှာပါပဲ... "

ကျွန်မ - " မိဘဆိုတာ သားသမီးကို စိတ်ပူနေကြလို့သာပါ... တကယ်တမ်းကျ နောက်ဆုံး ကိုယ့်သားသမီး ဖြစ်ချင်တာကိုပဲ လိုက်လျောရတာပါပဲ... ဒီလိုပါပဲ မိဘတွေက...ဒါတွေ ခုချိန် ညီမလေး နားလည်မှာ မဟုတ်သေးဘူး... ညီမလေး ကိုယ်တိုင် မိဘနေရာ ရောက်မှပဲ နားလည်နိုင်လိမ့်မယ်..."

သန့် - " ဟင်... မမမှာ ကလေးရှိတာလား... "

ကျွန်မ - " ဟယ်... ပေါက်ပေါက်ရှာရှာ... မကြီးပုံက ကလေးအမေရုပ် ပေါက်နေလို့လား..."

သန့် - " မပေါက်ပါဘူး... ဒါပေမယ့်... ကိုယ်တိုင် မိဘနေရာ ရောက်မှပဲ နားလည်မယ် ဆိုတော့ မသိရင် မမကပဲ မိဘနေရာ ရောက်နေသလိုလိုလေ... အဲ့ဒါကြောင့် အသန့်လေးက တွေးမိသွားတာ..."

ကျွန်မ - " အင်းနော်... မြန်မာစကားကလည်း ရှုပ်သားလား... ဒါနဲ့ ညီမလေး က အမြဲ အသန့်လေး အသန့်လေး နဲ့ နာမ်စားသုံးနေတာ ... အဆန်းရယ်နော်... နာမည်ရင်းတော့ မဟုတ်ဘူးမလား..."

သန့် - " ထူးဆန်းတယ်လား... သူများတွေလည်း ပြောကြတယ်... နာမည်မေးလို့ အသန့်လေး လို့ ဖြေလိုက်ရင် နာမည်က ဆန်းတယ်နော်တဲ့... နာမည်ရင်းတော့ မဟုတ်ပါဘူး ဒါပေမယ့်... မိတ်ဆက်ရင် အသန့်လေး လို့ပဲ မိတ်ဆက်ဖြစ်တယ်... နာမည်ရင်းက သန့်ကြယ်စင်... "

ကျွန်မ - " နာမည်လေးက ချစ်စရာလေး... "

သန့် - " ဟင်... လူကရော... ချစ်ဖို့ မကောင်းဘူးလား... "

ကျွန်မ - " လူလေးက ပိုတောင် ချစ်ဖို့ကောင်းသေးတယ်..."

ပြောရင်း သန့်၏ ဘယ်ဘက်ပါးလေးကိုလိမ်ဆွဲမိလိုက်သည်။ သန့်က သူမ၏ ဘယ်ဘက်ပါးလေးကို လက်ဝါးဖြင့် အုပ်ကာ ပြုံးလိုက်လေသည်။

The Rope (Own Creation)Where stories live. Discover now