သန့် - " ကျောက်ပျဉ်ရောလား... "

ကျွန်မ - " အင်းလေ... ကျောက်ပျဉ် အသေးလေး ထည့်လာတယ်..."

သန့် - " ကိုယ့်ကိုယ်ကို ပစ္စည်းစုံလှပြီ မှတ်နေတာ ကိုယ့်ထက်စုံတဲ့လူနဲ့ လာတွေ့နေတယ်..."

ကျွန်မတို့ နှစ်ယောက်ရယ်မော၍ တက်လာလေ၏။ မီးအလင်းရောင်ထဲရောက်မှ သန့်ကို သေချာကြည့်မိသည်။ စိမ်းပြာရောင်အကွက် ချည်သား ညဝတ်အင်္ကျီဝမ်းဆက်လေးကို ဝတ်ထားလေသည်။ ရေချိုးပြီး ပြန်အတက်မို့ မျက်မှန်လည်း တပ်မထားသဖြင့် ပကတိ ကလေးငယ်တစ်ယောက်ကဲ့သို့ ချစ်ဖို့ကောင်းနေလေ၏။

သန့် - " မမ ဘာကြည့်နေတာလဲဟင်..."

ကျွန်မ - " ဟင်... ဟို အနောက်ကနေ ကြောင်ဖြတ်ပြေးသွားလို့ ကြည့်နေတာပါ..."

သန့် - " ဪ... အသန့်လေး ပုံစံတစ်ခုခု ထူးဆန်းနေလို့ ကြည့်နေတယ် ထင်နေတာ..."

ထိုနေ့က Myanmar Idol Season 2 ရဲ့ နောက်ဆုံးနေ့ ဖြစ်သောကြောင့် အန်တီမြက Telenor Master Card သုံးသောကြောင့် အန်တီမြနားသွားထိုင်ကာ အန်တီမြ Tablet ဖြင့် Myanmar Idol Live ကြည့်ခဲ့ကြလေသည်။

(Telenor Master Card ဆိုသည်မှာ telenor operator တွင် လျှောက်ထား၍ ကိုယ်စားလှယ်ယူကာ Bill ရောင်းသည့် Card ဖြစ်သည်။ ထို Card များတွင် လက်ဆောင် Bill များနှင့် Data များပါသဖြင့် ထို Card သုံးစွဲသူများမှာ Bill သိပ်မကုန်ပေ။)

..........

ကျွန်မတို့အား နောက်တစ်နေ့တွင် ရှင်ကိုးရှင်မှ ကျန်သော ဘုရားများကို လိုက်လံပို့ဆောင်လေသည်။

မြတ်ရှင်မော် သို့ အရောက်တွင်

သန့် - " မမ ဟိုဘက် အောက်မှာ ဓာတ်ပုံသွားရိုက်ချင်တယ် လိုက်ပေးပါလား...နော်..."

ကျွန်မ - " ဆင်းချင်ဆင်းလေ... လိုက်ပေးမယ်... "

ကျွန်မတို့ နှစ်ယောက် ဘုရားရှိခိုးပြီး ရှင်မော်၏ အောက်ဘက်သို့ ဆင်းခဲ့ကြ၏။

သန့်က လှေကားအဆင်းလည်း ရပ်၍ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်နေလေသည်။ထို့နောက် အနားရှိ ထိုင်ခုံ တွင် ထိုင်ကာ ခဏနားကြလေသည်။

The Rope (Own Creation)Tempat cerita menjadi hidup. Temukan sekarang