ကျွန်မ - " ဟင် ... အန်တီမြတို့လည်း ပါမလာဘူး... ဘယ်မှာလဲ မသိဘူး... ပြန်လှည့်ရှာရအောင်..."

သန့် - " ရှာမနေနဲ့... တုတ်တုတ်ဘယ်နားမယ်ရပ်ထားလဲ ဆိုတာလည်း သိနေတာပဲ... ပြီးမှ အဲ့ကိုပဲ ပြန်ကြတာပေါ့... ဆုံးတဲ့ထိ လျှောက်မယ်... "

ကျွန်မ - " ညီမလေးကလည်း ခုနှစ်နာရီကျော်နေပြီ... မိုးလည်း တဖြည်းဖြည်း ချုပ်လာပြီ... ကိုယ်ရပ်ကိုယ့်ရွာလည်း မဟုတ်ဘူး... အန္တရာယ် များတယ်..."

သန့် - " မမကလည်း အသန့်လေးတစ်ယောက်လုံး ပါတာ ဘယ်သူမှ အနားလာမကပ်ရဲဘူး..."

ကျွန်မ - " ကပ်လည်း အဲ့သည့် အသန့်လေး နားကိုပဲ ကပ်ကြမှာလေ... မကြီးကိုက ဘယ်သူမှ ကပ်မှာမဟုတ်ဘူး... သူ့အတွက် ပြောတဲ့ဟာကို..."

သန့် - " မမပဲ ရေခဲမုန့်စားချင်တယ်ဆိုလို့ ရေခဲမုန့်ဆိုင် လိုက်ရှာပေးနေတာလေ... ပြန်ချင်လည်း သဘော... အသန့်လေးက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်..."

ကျွန်မတို့ ငြင်းခုန်ကြရင်းပင် ရေခဲမုန့်ဆိုင်တွေ့ရာ တစ်ယောက်တစ်ခု ဝယ်၍ တုတ်တုတ် ရှိရာ ပြန်လာကြလေသည်။

အန်တီမြတို့က ဖုန်းဆက်နေကြသည်ကို မကိုင်သဖြင့် ကျွန်မတို့အား စိတ်ပူနေကြလေသည်။

ဘုန်းကြီးကျောင်း ပြန်ရောက်ကြလေသော် သန့်က ရေထွက်ချိုးသည်ကို ကျွန်မက စိတ်မချ၍ အဖော်လိုက်ကာ ရေချိုးခန်းရှေ့၌ စောင့်ပေးမိလေသည်။

စောင့်နေရင်း ဓာတ်ပုံများ ပြန်လည်ကြည့်မိရာ သန့်ကို ကျွန်မ ရှင်ပင်ခရုကျောက်စာနားတွင် ခိုးရိုက်ထားသော ပုံလေးကို ကြည့်ကာ ပြုံးမိလေသည်။

သန့် - " ဘာတွေပြုံးနေတာလဲ... သွားကြမယ်လေ..."

ကျွန်မ - " ပြီးပြီလား ခဏ Flashlight ဖွင့်လိုက်ဦးမယ်"

ကျွန်မ ဖုန်းဖြင့် ဓာတ်မီးထိုးကာ တည်းသည့်အခန်းသို့ ပြန်လာကြလေသည်။

သန့် - " လိုက်စောင့်ပေးလို့ ကျေးဇူးပဲနော်... မမ "

ကျွန်မ - " ရပါတယ် ညီမလေးရဲ့... သနပ်ခါးလိမ်းချင်ပြောနော် မကြီးမှာ သနပ်ခါးပါတယ် "

The Rope (Own Creation)Where stories live. Discover now