ကျွန်မ ရုတ်တရက် နှလုံးခုန်ရပ်မတတ် ခံစားလိုက်ရလေသည်။ သန့်၏ စကားလုံးများက ကျွန်မနားတွင်းသို့ ဝင်တစ်ချက် မဝင်တစ်ချက်။

သန့် - " ဒီခလုတ်လေးနှိပ်ရုံပဲ... ဒါက Zoom ဒါက ISO ချိန်တာ Focus ကို မမ မချိန်တတ်မှာစိုးလို့ Auto နဲ့ပဲ ထားပေးမယ်......"

သန့် - " စမ်းရိုက်ကြည့် မမ"

ကျွန်မ - " ဟင်... "

သန့် - " စမ်းရိုက်ကြည့်လို့..."

ကျွန်မ - " ဒီခလုတ်လေးပဲ နှိပ်လိုက်မယ်နော်..."

သန့်က ကျွန်မကို ကြည့်ကာ ပြုံးလိုက်လေသည်။

ကျွန်မ - " မရယ်ပါနဲ့ ညီမလေးရဲ့ ... မကြီး က တစ်ခါမှမှ မရိုက်ဖူးတာကို..."

သန့် - " မဟုတ်ပါဘူး... မမရယ်... အသန့်လေးက မမ ပြောတဲ့ပုံလေးကို သဘောကျလို့..."

ကျွန်မ တကိုယ်လုံး အေးစက်သွားသလို ခံစားရသည်။ သန့်က ကျွန်မလက်ထဲ ကင်မရာ ထည့်ပေးရာ ကျွန်မလက်ကို ကိုင်မိပြီး

သန့် - " ဟယ်... လက်တွေ အေးစက်နေတာပဲ... နေမကောင်းဘူးလားဟင်..."

ကျွန်မ - " ကောင်း... ကောင်းပါတယ်... ပေး... ရိုက်ပေးမယ်...."

ကျွန်မတို့ နှစ်ယောက် ဓာတ်ပုံ တစ်ယောက်တစ်လှည့် ရိုက်နေစဉ် အန်တီမြက ပြန်ရန် လှမ်းခေါ်သဖြင့် ကျွန်မတို့ ထွက်လာခဲ့ကြသည်။

ကားဆီသို့ အပြန်တွင် သန့်က ဘယ်ဘက်လက်မှထီးကိုင်ကာ ညာဘက်လက်ဖြင့် ကျွန်မ၏ ပုခုံးကိုဖက်ကာ လမ်းကူးလေသည်။ ကားဆီသို့ ရောက်လျှင် ကျွန်မလက်ထဲ ထီးထည့်ပေး၍ နှုတ်ခမ်းဆူကာ

သန့် - " အသန့်လေး ထီးမခေါက်တတ်ဘူး..."

ကျွန်မ - "ဟင်..."

ကျွန်မ ရုတ်တရက် အံ့သြသွားပြီးနောက် ရယ်လိုက်မိသဖြင့်

သန့် - " အသန့်လေး က ဒီလိုထီးမျိုးမှ မဆောင်းဖူးတာ..."

ကျွန်မ - " ဟုတ်ပါပြီ... ဘာမှ မပြောပါဘူး... "

သန့် - " မမက ရယ်တာကိုး"

ကျွန်မ - " ထူးဆန်းလို့ ရယ်မိတာပါ..."

ထို့နောက် ကျွန်မတို့ အနီးနားတွင် ထမင်းစားနားကြပြီး ခရီးဆက်ကြလေသည်။

The Rope (Own Creation)Where stories live. Discover now