ကျွန်မက သန့်ထက် အရပ်ပုရာ သန့်က ထီးကို ယူ၍ ကျွန်မကိုဆောင်းပေးကာ အတူသွားလေသည်။ တစ်ဖက်လမ်းသို့ ကူးရာတွင်

သန့် - " မမ... အသန့်လေး လက်ကို ချိတ်ထား... လမ်းကူးမယ်..."

ကျွန်မလည်း ခေါင်းငြိမ့်၍ သန့်၏ထီးကိုင်ထားသည့်လက်အား ချိတ်လိုက်လေသည်။

ကျွန်မတို့ နှစ်ယောက် လမ်းအတူကူးကာ ဘုရားတွင်းသို့ ဝင်လေ၏။ သန့်က ဘုရားမရှိခိုးသေးဘဲ ဆင်းတုတော်အား ဓာတ်ပုံ အရင်ရိုက်လေသည်။ ထို့နောက် ကျွန်မနံဘေးထိုင်၍ ဘုရားရှိခိုးလေသည်။

ကျွန်မလည်း ဘုရားရင်ပြင် ပတ်ရန် သန့်နှင့်အတူထွက်လာစဉ် သန့်က အလှူခံမဏ္႑ပ်၌ အလှူငွေထည့်ကာ ရှင်ပင်ခရုသမိုင်းကြောင်း စာအုပ် ဝယ်လေသည်။

ဂေါပက - " သမီး အလှူရှင်နာမည် ဘယ်လိုရေးပေးရမလဲ"

သန့် - " ဦးမောင်ကို + ဒေါ်ကြူကြူခင် မိသားစု မြောင်းမြ"

ဂေါပကလူကြီးက ဖြတ်ပိုင်းပေးသည်ကို ယူ၍ ကျွန်မတို့ ထွက်လာလေသည်။

ရင်ပြင်ပေါ်ရှိ ကျောက်စာနားရှိ သစ်ပင်ရိပ်၌ ထိုင်၍ သန့်က ကင်မရာဖြင့် ဓာတ်ပုံထိုင်ရိုက်နေလေသည်။ ကျွန်မက ကျောက်စာအား ဓာတ်ပုံရိုက်ရင်း ကင်မရာထဲမှ ပုံများကြည့်နေသော သန့်အား ဓာတ်ပုံခိုးရိုက်မိပြီးမှ ကျွန်မဖာသာပြုံးမိလေသည်။ သန့်က ကျွန်မကို လှည့်ကြည့်ရင်း

သန့် - " မမ... ကင်မရာ ကိုင်တတ်လား... အသန့်လေးကို ဓာတ်ပုံရိုက်ပေးပါလားဟင်..."

ကျွန်မ - " ဟင့်အင်း... မရိုက်တတ်ဘူး... ဖုန်းနဲ့ပဲ ရိုက်ပေးမယ်လေ "

သန့်က ကင်မရာကို လည်ပင်း၌ ဆွဲထားရာမှ ချွတ်လိုက်ပြီး ထိုင်ရာမှ ထကာ

သန့် - " ဒီမှာကြည့်..."

ကျွန်မကို နောက်မှ သိုင်းဖက်လိုက်ပြီး ကင်မရာခလုတ်များကို ပြလေရာ ကျွန်မက သန့်ထက် နှစ်လက်မခန့် အရပ်ပုသဖြင့် သန့်၏ ရင်ခွင်တွင်းလုံးဝ ကျရောက်သွားကာ သန့်၏ နှာခေါင်းဝမှ ထွက်လာသော လေများကလည်း ကျွန်မ၏ နားရွက်ကို ပူနွေးစွာ ထိခတ်လေသည်။

The Rope (Own Creation)Where stories live. Discover now