ပထမဦးဆုံး ကျွန်မတို့ သွားသော ဘုရားမှာ ရှင်တောင့်ပုံဘုရား ဖြစ်လေသည်။ ကျွန်မတို့သည် တောင်ပေါ်သို့ ကားသီးသန့်ငှါး၍တက်ရလေသည်။

Light Truck ကားတစ်စီးလျှင် ဆယ့်ငါးယောက်စီးကြလေရာ ကျွန်မနှင့်သန့်က တစ်စီးတည်းကျလေသည်။ သန့်က ကျွန်မ၏ ဘယ်ဘက်မျက်စောင်းထိုးတွင် ထိုင်လေသည်။

ကားစထွက်သော် သန့်သည် ယုန်ပုံပါသည့် Mask ကို တပ်လိုက်လေသည်။ သူမ၏ ပါဝါမျက်မှန် အပေါ်၌ သံလိုက်ကပ် နေကာမှန် တပ်လိုက်လေသည်။

(ပါဝါမျက်မှန်၏ ကိုင်းထောင့်များတွင် သံလိုက်မြှုပ်ထားကာ အပေါ်မှ ကိုင်းမပါသည့် နေကာမှန်၏ဘေးထောင့်များ၌ သံလိုက်ပါသည့် မျက်မှန်မျိုး။ အချို့ ပါဝါမျက်မှန်၌ မူလကတည်းက ပါဝင်သည်။ ညှပ်နှင့် ညှပ်ရခြင်းမျိုး မဟုတ်။)

ဘုရားပေါ်၌ သန့်သည် ဘုရားရှိခိုးပြီး သူမ၏ Sony ကင်မရာလေးဖြင့် ပတ်ဝန်းကျင်ရှုခင်းများကို ရိုက်နေလေသည်။

ဒုတိယ သွားရောက်သည့် ရှင်ပင်ခရုသို့ရောက်သော် နေအတော်ပူနေလေပြီ။ ကားသည်လည်း ဘုရားမုခ်ဦးနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လေသည်။

ကျွန်မရှေ့တွင် သန့်က ဆင်း၍ သူမကခြုံထားသော ပုဝါကို ဖြန့်ကာ ဦးခေါင်းထက်မိုးလိုက်စဉ် ကျွန်မထီးဖွင့်၍ သူမကိုဆောင်းပေးလိုက်လေသည်။ သန့်က ကျွန်မကို လှည့်ကြည့်၍ အသံခပ်တိုးတိုးဖြင့်ဆိုလေသည်။

သန့် - " ကျေးဇူးပါ မမ"

ကျွန်မ - " ရပါတယ် ညီမလေးရယ်... ထီးမယူလာဘူးလား "

သန့်က ပြုံး၍

သန့် - " မေ့ကျန်ခဲ့တာ... မိုးမရွာရင် ထီးကို သတိမရတော့ဘူးရယ်..."

ကျွန်မ - " မကြီးက ဘယ်သွားသွားထီးဆောင်ထားတယ်..."

သန့် - " အသန့်လေးက ခေါက်ထီးမဆောင်တတ်ဘူး ချာလီထီး တကားကားနဲ့ လျှောက်သွားတာ..."

ပြောရင်း သွားဖွေးဖွေးလေးများပေါ်အောင် ရယ်လိုက်လေသည်။

The Rope (Own Creation)Where stories live. Discover now