ကျွန်မတို့ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်၌ မနက်စာစားရန် နေရာလိုက်ရှာ ကြလေသည်။ သန့်နှင့် အန်တီမြ၊ သန့်ဘေး၌ထိုင်သည့်အန်တီ(အန်တီစိန်)၊ ကျွန်မဘေး၌ထိုင်သောအန်တီ(အန်တီအေး) တို့က အတူတူ လက်ဝဲဘက်သို့ ထွက်သွားလေ၏။

အန်တီမြက သန့်အား စကားလှမ်းပြောရင်း ဘုန်းကြီးကျောင်း မုခ်ဝ၌ ရပ်နေသော ကျွန်မကို မြင်ကာ လှမ်းခေါ်လေသည်။

အန်တီမြ - " ဆရာမလေး ကျွန်မတို့ ဟိုဘက်နား မနက်စာ သွားစားမလို့ အတူလိုက်ခဲ့ပါလား "

ကျွန်မက ပြုံးပြ၍

ကျွန်မ - " ဟုတ်ကဲ့... အန်တီ..."

ကျွန်မတို့ လျှောက်လာခဲ့၍ မကြာမီ လမ်းချိုးတစ်ခု၏ ထိပ်တွင် မုန့်ဟင်းခါးဆိုင်လေး တစ်ဆိုင်တွေ့လေသည်။

ကျွန်မတို့က မုန့်ဟင်းခါးမှာကာ စားကြသော်လည်း သန့်က ကော်ဖီနှင့် မုန့်ဟင်းခါးထဲထည့်သည့် ဘူးသီးကြော်နှင့် ပဲကြော်ကိုသာ စားလေသည်။

အန်တီမြ - " ဟယ်... သမီးကို မေ့ပြီး မုန့်ဟင်းခါးဆိုင်ထိုင်လိုက်တာ အန်တီ့ကို မပြောဘူး... လက်ဘက်ရည်ဆိုင် ရှာထိုင်မှာပေါ့..."

သန့် - " မဟုတ်တာပဲ... အသန့်လေးက မကြိုက်လို့ မစားရုံသက်သက်ပဲကို..."

အန်တီမြ - " အခုက စားစရာနည်းသွားတာပေါ့... "

သန့် - " မဟုတ်တာပဲ... အသန့်လေးက ဒီအတိုင်းလည်း မနက်စာ သိပ်မစားဖြစ်ဘူးရယ်... ပြီးတော့ မုန့်တွေလည်း ပါသေးတယ် ကားပေါ်စားလို့ရတယ်..."

အန်တီစိန် - " ဟင်... သမီး သန့်က ကားပေါ်တုန်းက ပြောတော့ မြောင်းမြသူဆို... မုန့်ဟင်းခါး မကြိုက်ဘူးတဲ့ အံ့သြပါရဲ့..."

သန့် - " အသန့်လေးက မြောင်းမြမှာမွေးပေမယ့် ဖေတို့ မေတို့က မိတ္ထီလာဇာတိလေ... အသန့်လေးက အဲ့ဒါကြောင့် အညာသူဆန်တယ်... ခုမှတော်သွားတာ ငယ်ငယ်တုန်းကဆို လေသံကအစ အညာလေသံ... ခုထိလည်း အညာလေသံပေါက်ပါသေးတယ်..."

သန့်က ပြောရင်း ရယ်လိုက်လေသည်။

ကျွန်မတို့ မနက် ကိုးနာရီခန့်တွင် ဘုန်းကြီးကျောင်းမှ စတင်ထွက်ခဲ့ကြလေသည်။

The Rope (Own Creation)Where stories live. Discover now