ကျွန်မ - " ဟုတ်... ရပါတယ် အန်တီ... ကျွန်မက ခဏပဲ ထိုင်မှာ အအေးမှာထားတာရရင် ဟိုဘက် မုန့်ထွက်ဝယ်ချင်သေးလို့... "

အန်တီကြီးက ကျွန်မအား ပြုံး၍ခေါင်းငြိမ့်ပြလေသည်။

ကျွန်မလည်း မှာထားသောအအေးဘူး ရသည့်အခါ ထထွက်၍ လမ်း၌ စားရန်မုန့်ထွက်ဝယ်လေသည်။

နောက်တစ်နေ့ မနက် သုံးနာရီခန့်တွင် ကျွန်မတို့ ထားဝယ်သို့ ရောက်ရှိလေသည်။ ဘုရားဖူးယာဉ်က ကြိုတင်ချိတ်ဆက်ထားသော ဘုန်းကြီးကျောင်းသို့ ရောက်ရာ၌ ပစ္စည်းများနေရာချ၍ အနားယူကြလေသည်။

မနက် ခြောက်နာရီခွဲ ကျွန်မ အိပ်ရာမှ နိုးသောအခါ ရေချိုးရန် ပစ္စည်းများ ယူ၍ ရေချိုးခန်းရှိရာသို့ ထွက်အလာ လမ်း၌ ရေလဲထဘီရင်လျားပေါ်၌ မျက်နှာသုတ်ပုဝါအကြီး ခြုံထားသော သန့်နှင့် တွေ့လေရာ ကျွန်မက ပြုံး၍

ကျွန်မ - " ညီမလေး အစောကြီးပဲ..."

သူမက ပြုံးပြ၍ ခေါင်းငြိမ့်ကာ ထွက်သွားလေသည်။

ကျွန်မလည်း နှုတ်နည်းလွန်းသော သူမကို နားမလည်စွာ ကျန်ခဲ့လေရာမှ အနောက်မှ အသံကြား၍ လှည့်ကြည့်ရာ

သန့် - " မမ ရေချိုးကန်က ရေညှိတွေ ရှိတယ်... သတိထားဦး..."

ဟု ကျွန်မကို ကြည့်၍ ဆိုကာ လှည့်ထွက်သွားလေသည်။

ကျွန်မလည်း သန့်၏ နောက်ကျောကို ငေးကြည့်ရင်း တော်တော်ထူးဆန်းသည်ဟု မှတ်ချက် ချမိလေသည်။

ကျွန်မ ရေချိုးပြီး၍ ပြန်တက်လာသော် အချို့သူများက နိုးနေပြီဖြစ်၍ ရေချိုးရန် ပြင်ဆင်နေကြလေသည်။

ကျွန်မ နေရာသည် ဝင်ဝင်ချင်းတံခါးမဘက်ဖြစ်ကာ ကျွန်မနှင့် ခပ်လှမ်းလှမ်း ခြေရင်းဘက်ခြမ်းရှိ သူမနေရာ၌ ဖုန်းထိုင်ပြောနေသော သန့်ကို လှမ်းကြည့်မိသည်။

ခါးအထိအနက်ရောင်ကွက် ခါးအောက်ပိုင်းတွင် အနက်ရောင်ပြောင်ဖြစ်ကာ အနားတွင် အနက်ကွက် ကွပ်ထားသော ဂါဝန်ကို ဝတ်ဆင်ထားသော သန့်သည် အလွန်ပင် ကလေးဆန်၍ ချစ်ဖို့ကောင်းနေလေသည်။

The Rope (Own Creation)Donde viven las historias. Descúbrelo ahora