ဘုရားဖူးကား စတင်ထွက်မည့် စုရပ် ကားစီစဉ်သူ အန်တီမြ၏ အိမ်သို့ ကျွန်မ ကားမထွက်မီ တစ်နာရီ ကြို၍ ရောက်နေသည်။ တော်ရုံဆိုလျှင် ကျွန်မ မြို့ပေါ်သို့သိပ်မရောက်ဖြစ်ပေ။

တဖြည်းဖြည်း ကားလာစောင့်သူများ များလာလေသည်။ ကျွန်မ မေမေ့ဆီ ဖုန်းဆက်နေစဉ် အိမ်တွင်း ကောင်မလေး တစ်ဦးနှင့် သူမ၏ မိခင်ဖြစ်ဟန်တူသည့် အန်တီ တစ်ဦး ဝင်လာလေသည်။

ထိုကလေးမကို ကျွန်မ ငေးကြည့်နေမိသည်။ သူမ၏ ပါဝါမျက်မှန်က ဖုံးကွယ်ထားသော်ငြား သူမ၏ မျက်ဝန်းဝိုင်းဝိုင်းများကို မြင်တွေ့နေရသည်။ ဖြောင့် တန်း နေသော မျက်ခုံးများနှင့် အိစင်းနေသောဂုတ်ဝဲဆံပင်ကို ကျွန်မ သေချာငေးမောကြည့်နေမိသည်။

သူမအမေ - " မီးလေး မေကြီး စိတ်ချမယ်နော်..."

ကလေးမက မျက်မှောင်ကျုံ့ကာ

သူမ - " စိတ်ချပါ မေရယ်... မေ့သမီးက မငယ်တော့ပါဘူး..."

သူမအမေ - " မနေ့တစ်နေ့ကမှ ဆယ်တန်းဖြေပြီးတယ်... လူကြီးဂိုက်ဖမ်းချင်နေပြီ... မြရေ အဲ့ဒါသာ ကြည့်ပေတော့... ဂျစ်ကန်ကန်ရယ်... တစ်ခုခုဆို အစ်မဆီကို ဖုန်းသာဆက်နော်..."

အန်တီမြ - " ကလေးက လိမ္မာပါတယ် အစ်မရဲ့... စိတ်သိပ်မပူပါနဲ့... ကျွန်မလည်းပါတာပဲ..."

သူမအမေ - " အေး... အပ်ပါတယ် မြရယ်... ဆိုင်လည်းတစ်ဖက်နဲ့မို့ အစ်မ ပြန်ဦးမယ်နော်... မီးလေး... တစ်နေ့တစ်ခါလောက်တော့ ဖုန်းဆက်ဦးနော်... အစစအရာရာ ဂရုစိုက်..."

သူမ - " မေ ... ဖုန်းBill ထည့်ပေးဦး..."

သူမအမေ - " အေး အေး... ထည့်ပေးလိုက်မယ်... ဂရုစိုက်နော် မီးလေး... စိတ်ချမယ်နော်..."

သူမလေး ပြုံး၍ ခေါင်းငြိမ့်လိုက်လေသည်။
သူမ၏ မိခင်က သူမအား နှုတ်ဆက်၍ အိမ်ရှေ့၌ရပ်ထားသော Fielder ကားဖြူလေးပေါ်သို့ တက်သွားလေသည်။

..........

ကျွန်မ ကားပေါ်၌ ခုံနံပါတ်ရှာကာ ကျွန်မ ထိုင်ခုံအထက်သို့ ပစ္စည်းအချို့ တင်နေစဉ် အနောက်မှ ရေမွှေးနံ့ကဲ့သို့ ရနံ့တစ်မျိုးရလေသည်။

The Rope (Own Creation)Where stories live. Discover now