အပိုင်း - ၃၉

4.5K 235 33
                                    

Uni

.
.

ကျော့်ကို မျှော်နေမိတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်ရှိပြီဖြစ်သည်။ နေခြည် ခဏလေးမရှိတာနဲ့ မနေတတ်တဲ့ ကျော့်ကို အရိပ်ပင်မမြင်ရပေ။ တစ်ခုခုမှားနေပြီဆိုတာ နေခြည်သိပေမယ့် ဘာကမှားနေမှန်းမသိ။ မမပြောစကားကြောင့် စိတ်နာသွားတာလား။ သူ့အမေနားမှာပဲ သားလိမ္မာလုပ်တော့မှာလား။ ဒါတွေလည်း နေခြည် ဝေခွဲမရ။ စုံစမ်းဆက်သွယ်စရာဆိုတာလည်း ဘာမှရှိမနေ။

" နေခြည်... နေကောင်းရဲ့လား ''

နဖူးလေးလာစမ်းကာ လက်ကလေးကိုင်ပြီး လာမေးတဲ့ မမကို နေခြည် ဆွေးဆွေးလေးပြန်ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

" လူက နေကောင်းပါတယ် မမရယ် ''

မမကရော ကိုထွန်းလင်းကပါ ဂရုစိုက်ကြပေမယ့် နေခြည့်စိတ်ထဲ နွေးထွေးမနေပါ။ ကျော့်ကိုသာ သတိရနေသည်။ နေခြည့်ကို လာခေါ်မယ်ပြောသွားပြီး ပျောက်ချက်သားကောင်းလို့နေ၏။ နေခြည်ကတော့ ကျော် ဘယ်လိုပုံနဲ့လာခေါ်ခေါ် လိုက်သွားမည်ဟု စဥ်းစားထားသည်။

" မမ... သမီးဖုန်းထဲမှာ အော်ဒါတင်ထားတာတွေရှိတယ်။ ဖုန်းပြန်မပေးသေးဘူးလား ''

နေခြည့်ကို ကြည့်ပြီး မမက ခေါင်းယမ်းပြသည်။

" တစ်ရက် နှစ်ရက်နေရင် ပြန်ပေးမယ်။ အခုတော့နေဦး။ ''

မှိုင်တွေနေတဲ့ ညီမဖြစ်သူကို ကြည့်ပြီး ဇင်မီလည်း စိတ်မချမ်းသာ။ ဒံပုံအတိုင်းဆို ကောင်လေးက နေခြည့်ကို လာခေါ်ဖို့ရာ မဖြစ်နိုင်တော့ဟု ထင်သည်။ နဂိုတည်းက အမေကြောက်တဲ့သူမို့ ပြဿနာဖြစ်ကာစမှာသာ သွေးပူပြီးလိုက်လာပေမယ့် အမေနဲ့အဆင်ပြေသွားကာ မိန်းမကို မေ့ကောင်းမေ့သွားနိုင်သည်။ ညီမကို အလိုလိုက်ပြီး ထိုအိမ်ကို လွယ်လွယ်ထည့်ပေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။

" ကဲ နေခြည် လာ ထ။ မမနဲ့ ကိုလင်းဆိုင်ကို လိုက်ခဲ့။ ထမင်းချိုင့်သွားပို့ရအောင် ''

ဇင်မီရုံးတက်ရတဲ​နေ့တွေဆို ကိုလင်းက ထမင်းဟင်း စီစဥ်ပြီးချက်တာမို့ ရုံးပိတ်ရက်ဆို ဇင်မီချက်တာပဲ စားဖြစ်ကြသည်။ အရင်ကတော့ ဆိုင်မှာပဲ တစ်ခါတည်း ချက်စားပေမယ့် အခုတော့ ညီမလေးရှိနေပြီး ဆိုင်ကို လိုက်ခဲ့ပါဆိုလည်း ခေါ်မရတာကြောင့် အိမ်မှာပဲချက်ပြီး နေ့လယ် ချိုင့်သွားပို့လိုက်၏။

မခွဲအတူWhere stories live. Discover now