အပိုင်း - ၂၈

3.3K 151 18
                                    

Uni
.
.

တကယ်တော့ ထွန်းလင်းက စာပြန်မပို့တာမဟုတ်ဘဲ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတာပင်။ အရင်ကဆို မဇင်မီက သူဘာပြောပြော လက်မ နဲ့ ဟုတ်ကဲ့ ကလွဲရင် ဘာမှပြန်မပို့တတ်ပေ။ အခုညမှ ရုတ်တရက်ကြီး စာကောင်းကောင်းပြန်တော့ သူ့မှာ ပြန်ပြောစရာမရှိဖြစ်သွားလေ၏။

စာပြန်ပို့ဖို့အရေး စာရိုက်လိုက် ပြန်ဖျက်လိုက် လုပ်နေမိသည်။ အိမ်ထောင်ကွဲဖြစ်ပြီး ဘဝကို တစ်ယောက်တည်း ရဲရဲရင့်ရင့် ရပ်တည်လာတဲ့ မဇင်မီက မာနလည်းကြီးတာမို့ ​စိတ်ထဲရှိသမျှလည်း ရေးမပို့ရဲပေ။ မဇင်မီပို့ထားတဲ့ စာလေးကိုသာ ဖတ်ကြည့်ရင်း တစိမ့်စိမ့်ကြည်နူးနေမိ၏။ လိုင်းပေါ်က ဆင်းကာ ဘာပြန်ပို့ရမလဲ ဟု အကြိတ်အနယ်စဥ်းစားခန်းဝင်တော့သည်။

သူလိုင်းပေါ်ပြန်တက်လာတော့ ည ၁၂ ခွဲ။ မဇင်မီကတော့ လိုင်းပေါ်မှာ မရှိတော့။

..... ကျွန်တော်က အစားစားတာ အချိန်မှန်မရှိဘူးဗျ မဇင်မီ။ ဆိုင်တစ်ဖက်နဲ့ဆိုတော့ ဧည့်သည်ပါးတဲ့အချိန် ခပ်သုတ်သုတ်စားဖြစ်တာများတယ်။......

စဥ်းစားထားတာတွေ ရိုက်လိုက်ပြီးတော့ နောက်ဆုံးစာကြောင်းကို ထည့်ရ မထည့်ရ သူစဥ်းစားလိုက်သည်။

" ယောက်ျားပဲကွာ... ကြိုက်ရင် လိုက်ပေါ့ ''

သူ့ကိုယ်သူ ပြောပြီး နောက်ထပ်စာတစ်ကြောင်းထပ်ရေးကာ ပို့လိုက်၏။ ဒီညတော့ မဇင်မီပို့တဲ့စာလေးကိုပဲ အထပ်ထပ်ဖတ်နေမိကာ တစ်ညလုံး အိပ်ပျော်တော့မည် မထင်။
.
.

ကျော်နေမင်းမှာ ညသန်းခေါင်ကျော်ထိ အိပ်မပျော်။ အခုမှ ပူပူနွေးနွေး အသစ်စက်စက် သူ့မိန်းမက သူ့ကိုစိတ်ကောက်ပြီး တစ်ဖက်လှည့်အိပ်သွားသည်။ တစ်ဖက်လှည့်အိပ်တာ အကြောင်းမဟုတ်ပေမယ့် နှစ်ယောက်ကြားထဲ ဖက်လုံးခြားထားကာ မနက်ရောက်လို့ ဖက်လုံးနေရာရွေ့နေရင် အတွေ့ပဲ ဟု ကြိမ်းမောင်းထား၏။

တစ်အိမ်လုံးရှေ့ကျ တပြုံးပြုံးလုပ်နေပြီး သူ့ကိုကျ ဖုတ်လေသည့်ငါးပိ မရှိသလို သဘောထားတဲ့ ပိုးဟပ်ဖြူက နိုင်စားလွန်းလှသည်။ သူကလည်း ဒီသေးသေးလေးကို ဘာလို့ကြောက်နေမိမှန်းမသိပေ။ အခုပဲကြည့် ဖက်လုံးကိုမရွေ့ဖို့ ကြိမ်းမောင်းထားတာမို့ ပိုးဟပ်ဖြူအိပ်ပျော်နေသည့်တိုင် သူ့မှာ ဒီတိုင်းနေနေရသည်။ နောက်တော့ သူအရဲစွန့်ကာ လူလည်ကျဖို့ ကြံလိုက်၏။
.
.

မခွဲအတူWhere stories live. Discover now