အပိုင်း - ၁

16.8K 214 26
                                    

Uni

.
.
.

" ကိုကျော်... သမီးခဲတံလေးချွန်ပေးပါဦး ''

" အေ...အေ ''

အတန်းက သူငယ်တန်းပေမယ့် ကျော်နေမင်းက အတန်းခေါင်းဆောင်။ အရပ်ရှည်ပြီး လူရုပ်ကတည်နေတာနဲ့ပဲ ဆရာမက ဒီရာထူးပေးထားတာဖြစ်၏။ ဒီကလေးမက လူနဲ့မလိုက်အောင် ခဲတံအတုတ်ကြီးကို ယူ ယူလာသည်။

" နင် ပုံမှန် ခဲတံယူလာစမ်းပါ နေခြည်ထွန်းရာ''

" သမီးက အဲဒီခဲတံကြိုက်လို့''

ကလေးမက ဆယ့်နှစ်ရာသီပတ်လုံးနေမကောင်းဖြစ်နေတတ်သည်။ အတန်းတူပေမယ့် အရပ်ရှည်တဲ့သူ့ကို ' ကိုကျော်နေမင်း ' ဟု ခေါ်တတ်သည်။ အနေအေးပြီး စကားကနည်းသေး၏။ နားကလောတာမို့ ကျော်နေမင်း ဟုပဲ ခေါ်ရန်ပြောပေမယ့် ကိုကျော် ဆိုပြီး ပြောင်းခေါ်လေ၏။

.
.

နေခြည်တို့က ညီအစ်မနှစ်ယောက်တည်းနေကြတာဖြစ်သည်။ နေခြည်က အသက် ၅ နှစ်ပေမယ့် မမဇင်မီထွန်းက အသက် ၂၅ နှစ်ရှိပြီ။ မေမေက အသက်ကြီးမှ နေခြည့်ကို မွေးတာမို့ အသက်ကကွာနေသည်။ မေမေက နေခြည့်ကို မွေးမွေးပြီးချင်း သတိလစ်ကာ ပြန်မလည်လာတော့ဘဲ ဆုံးပါးသွားသည်။ ဖေဖေကတော့ နေခြည့်အသက် ၃နှစ်လောက်မှ အက်စီးဒန့်နဲ့ ဆုံးသွားတာဖြစ်သည်။

နေခြည်က ငယ်သေးတာမို့ အရမ်းမခံစားတတ်ပေမယ့် ကျောင်းကို လာတဲ့အချိန် သူငယ်ချင်းတွေက မိဘတွေနဲ့လာကြတာကိုမြင်ရင် အားကျရသည်။ မမကတော့ နေခြည့်ကို ဂရုစိုက်သည်။ အစားအသောက်ကုမ္ပဏီတစ်ခုရဲ့ ရုံးခွဲမှာ မန်နေဂျာဖြစ်နေတဲ့ မမက အမြဲအားနေတာတော့မဟုတ်ပေ။

ကျောင်းဆင်းပြီး ညနေဆို ဆရာမအိမ်မှာ ကျူရှင်တက်ရင်း မမကို စောင့်ရသည်။ ညဘက်ဆို ညီအစ်မနှစ်ယောက် သီချင်းတွေဆို၊ ပုံပြင်တွေပြောရင်း အိပ်ယာဝင်ကြသည်။ တစ်ခါတစ်လေ မမက ငိုနေတတ်ပြီး မမငိုတာမြင်ရင် နေခြည်လည်း လိုက်ငိုတတ်သည်။ မမက ဝင်ငွေကောင်းပြီး ညီအစ်မနှစ်ယောက်တည်းရှိတာမို့ နေခြည့်ကို မျက်နှာမညှိုးရအောင် ရှယ်ဆင်၏။

မမက ငွေရှာနိုင်သလောက် နေခြည်ကလည်း ခြူခြာလေသည်။ တုတ်ကွေးရာသီဆို သူများတွေမကွေးခင် နေခြည်က ကွေးပြီးသားပင်။ တစ်ရပ်ကွက်လုံးမှာ သွေးလွန်တုပ်ကွေး သုံးယောက်ပဲဖြစ်သည့်အထဲတွင် နေခြည် ထိပ်ဆုံးကပါ၏။ အစားလည်း များများမစားနိုင်။ ညဘက်အိပ်လို့ စောင်မလုံတာနဲ့ မနက်ဆို မိနေခြည်က ဖျားပြီးသားပင်။
.
.

မခွဲအတူWhere stories live. Discover now