အခန်း ၃၁

230 13 0
                                    

အပူငွေ့ခြုံရစ်ထားသော ခန္ဓာကိုယ်ကို လူးလွန့်၍ သူ နိုးလာခဲ့သည်။ ခန်းဆီးဖြူကိုထိုးဖောက်၍ ဖြာဝင်နေသောနေရောင်ရှိန်းရှိန်းသည် မွန်းတည့်နေပြီဖြစ်ကြောင်း အချက်ပြနေသည်။

ကိုက်ခဲနေသောခေါင်းတွင်းမှ ဝေဒနာကို ကျိတ်မှိတ်ကာ တံတောင်ကိုအားပြု၍ ထလိုက်သည်။ သူမှေးတင်အိပ်ခဲ့သော ခေါင်းအုံးတစ်နေရာသည် ချိုင့်ဝင်ရွှဲနစ်နေသည်ကိုတွေ့ရသည်။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနေသည်။ တိတ်ဆိတ်နေသောအခန်းတွင်း သူ့နှလုံးခုန်သံသည် သာမန်ထက်ပို၍ ကျယ်လောင်နေသည်ဟုထင်ရသည်။

ခွန်းသည် အချိန်ကိုကြည့်ရန် ကုတင်ဘေးရှိ ကျွန်းခုံပုလေးပေါ်မှ ဖုန်းကိုလှမ်းယူလိုက်သည်။ ဟင်္သာထံမှ missed call တွေကိုတွေ့သောအခါမှ ဒီမနက် သူမနှင့်ချိန်းထားသည်ကိုပြန်သတိရသည်။ သူဖုန်းပြန်ခေါ်မည်အပြု အခန်းတံခါးဆီမှ ဘဲလ်တီးသံကိုကြားလိုက်ရသည်။

ရုတ်တရက်ထရပ်လိုက်သောအခါ မျက်လုံးတွေ ပြာဝေသွားပြီး တစ်ခန်းလုံးမှုန်ဝါးသွားသည်။ သူ့လက်ဖျားတွေအေးစက်လာသည်။ နံရံကိုကိုင်ရပ်ကာ မျက်လုံးတွေကိုခဏမှိတ်၍ လေကိုအတွင်းအထုတ်မှန်မှန်ဖြင့် အသက်မျဉ်းမျဉ်းရှူရသည်။ ဘဲလ်တီးသံသည် ထပ်ခါထပ်ခါပေါ်ထွက်လာနေသည်။ စိတ်ရှုပ်သွားမိသည်။ ညက လော့မချဘဲ အိပ်ခဲ့လျှင်ကောင်းသားဟုလည်း တွေးမိသည်။ အားယူ၍ ဖြေးဖြေးမှန်မှန်လျှောက်ကာ အခန်းတံခါးဆီသို့သွားသည်။ အခန်းတံခါးကိုဖွင့်လျှင် ...

" ဟင်္သာ "

အခန်းဝတွင်ရပ်နေသော သူမကိုမြင်လိုက်ရတော့ သူ အံဩဝမ်းသာသွားမိသည်။

" ခွန်း ... ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား၊ ခွန်း နူတ်ခမ်းတွေက ဖြူဖွေးနေတာပဲ၊ လက်ဖျားတွေကလည်း အေးစက်နေတာပဲ "

အခန်းတွင်းသို့ ပြာပြာသလဲဝင်လာသော သူမသည် နံရံကိုမှီရပ်နေသော သူ့မျက်နှာ၊ သူ့လက်တွေကို တစ်ခုစီ ကိုင်တွယ်စမ်းကြည့်ရင်းပြောနေ၏။ထို့နောက် သူ့ကို မချိတင်ကဲကြည့်ကာ ဝမ်းနည်းသံဖြင့်ဆူသည်။

" ဖျားနေတာ ဘာလို့မပြောတာလဲ၊ ဒီမှာ သူ့ကို ဖုန်းခေါ်မရလို့ စိတ်ပူလိုက်ရတာ သေတော့မယ် "

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Tahanan ng mga kuwento. Tumuklas ngayon