အခန်း ၂၇

250 10 0
                                    

ဟင်္သာ ငယ်ငယ်က ကျူရှင်မှအိမ်သို့ပြန်ချိန်သည် နေဝင်ရီတရော မှောင်စပျိုးချိန်ဖြစ်သည်။ ကျူရှင်အိမ်မှ အိမ်သို့ပြန်ရန် လမ်းထိပ်သို့ထွက်သည့်အခါတိုင်း လက်ဖက်ရည်ဆိုင်များတွင် လူအပြည့်ရှိလျက် ဆူညံနေတတ်သည်ကိုတွေ့ရတတ်သည်။ ထိုစဉ်က လူမူဗေဒပညာရပ်အကြောင်း ကောင်းကောင်းနားမလည်သေးသည့်အရွယ်ဖြစ်သောကြောင့် " အင်း ... ဒီဆိုင်တွေက လက်ဖက်ရည်က သိပ်ကောင်းလို့နေမှာ " ဟုပင် ရိုးရှင်းစွာတွေးခဲ့ဖူးသည်။

တစ်ရက်မှာ ဆရာမ၏ အမျိုးသားဖြစ်သူက လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွေက တစ်ဆိုင်မှမစွံဘူးဟု ဝေဖန်ပြောဆိုသံကိုကြားရသည့်အခါ အံ့အားသင့်စွာ " အမြဲတော့ လူပြည့်နေတာပဲနော် " လို့ ပြန်ပြောခဲ့မိသည်။ ဆရာမ၏ အမျိုးသားဖြစ်သူက သူမကို ခပ်ပြုံးပြုံးကြည့်ရင်း " ဒါက လက်ဖက်ရည်ဆိုင် ယဉ်ကျေးမူ့ကြောင့်ပေါ့ " ဟု ပြောပြသည်။ သူက ခပ်ပြတ်ပြတ်တိုတိုသာ ပြောသော်လည်း သူမက ရှည်ရှည်ဝေးဝေး စဉ်းစားတတ်သူပီပီ အတွေးနယ်ချဲ့ခဲ့ရပြန်သည်။ ဘွားဘွားကတော့ ဝေလေလေတွေ၊ အားအားယားယားတွေ တစ်နေကုန် လက်ဖက်ရည်ဆိုင်ထိုင်နေကြတာဟု ပြောဖူးသည်။ ဘွားဘွားပြောတာလည်း မှားတော့မမှား။ ဘာအလုပ်မှမလုပ်ဘဲ တစ်နေကုန် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အာဝါဒါးလုပ်နေသူတွေကြောင့် လက်ဖက်ရည်ဆိုင်ထိုင်သူတွေဟာ အဆိုးမြင်တဲ့ ပုဒ်မကပ်ခံခဲ့ရပုံရသည်။ အမှန်တော့ လက်ဖက်ရည်ဆိုင်တွေဆိုတာ လက်ဖက်ရည်ကြိုက်သူတွေသာစုဝေးနေတဲ့နေရာမဟုတ်ဘဲ လူသားတွေအချင်းချင်း ကူးလူးဆက်ဆံ ပြောဆိုစုဝေးရာ တတိယနေရာတစ်ခုဖြစ်ခဲ့သည်ဟု ယူဆရပေမည်။ လူမူဆက်ဆံရေးကွန်ယက်တွေ မထွန်းကားခင်အချိန်ကပေါ့။

သူမ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ မေမေနှင့်အတူ ဘာမှမဝယ်ဘဲ စျေးဝယ်စင်တာတွေကို လျှောက်ပတ်ကြည့်ရတာကို သလောကျလာပြန်သည်။ အဲ့ဒီ့အချိန်က အခုလို အွန်လိုင်းစျေးဆိုင်တွေ ခေတ်မစားသေးဘဲ ဗိုလ်ချုပ်စျေးလိုနေရာမျိုးမှာ စျေးဆိုင်တွေပတ်ကြည့်၊ မုန့်ဆိုင်ဝင်စား၊ သူငယ်ချင်းတွေနှင့် အတင်းအဖျင်း၊ စကားစမြည်ပြောသည့် ယဉ်ကျေးမူ့တစ်ခု လူငယ်တွေကြား တွင်ကျယ်ခဲ့ဖူးသည်။ ဒီလိုစျေးဝယ်နေရာတွေက ထိုခေတ်ထိုအခါမှ အမျိုးသမီးအများစုအတွက် တတိယနေရာဖြစ်ခဲ့ကြသည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Tahanan ng mga kuwento. Tumuklas ngayon