အခန်း ၂၁

305 10 0
                                    

ထိုနေ့က ခွန်းသည် သူ၏တိုက်ခန်းအောက်တွင် ရပ်စောင့်၍ သူမကို ဆီးကြိုနေခဲ့သည်။ ခွန်း၏အိမ်သည် ၆ထပ်တိုက်၏ ၂လွှာတွင်ရှိသည်။ သူမသည် ဒူးဖုံးရုံအရှည်ရှိသည့် ပိတ်ဖောက်ဇာအဖြူရောင်ဂါဝန်ကို ဝတ်ထားပြီး ပခုံးပေါ် ကပိုကရိုကျနေသည့် ညိုမှောင်သော ဆံနွယ်ခွေခွေလေးကို အနောက်ဘက်တွင် အနည်းငယ်သိမ်း၍ အဖြူရောင်ဖဲပြားကလစ်ကြီးကြီးတစ်ခုကို ပန်ဆင်ထားသည်။ သူမ၏ လက်ထဲတွင် သူ့မေမေအတွက် ရည်ရွယ်၍ ဝယ်လာသော ကာနေးရှင်းအဖြူ၊အနီ၊ ပန်းရောင်တို့ကို ဒေစီရိုင်းဖြူဖြူလေးတွေနှင့် စုစည်းကာ ပန်းနုရောင်စက္ကူပါးလေးဖြင့် ချည်နှောင်ထားသည့် ပန်းစည်းကို ပွေ့ကိုင်ထားသည်။ ပန်းဆိုင်မရောက်ခင်ကတော့ နှင်းဆီတွေကိုသာ ဝယ်ယူဖို့ စိတ်ကူးခဲ့မိသော်လည်း ဆိုင်သို့ရောက်လျှင် အထပ်ထပ် အလွှာလွှာဖြင့် ပွင့်အာနေကြသော ကာနေးရှင်းပန်းတွေကိုမြင်ပြီး စိတ်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ခွန်းသည် ပန်းစည်းလေးနှင့်အပြိုင် ရှူမငြီးနိုင်အောင်လှနေသော ချစ်သူကိုကြည့်ကာ " ဟင်္သာက သိပ်လှတာပဲ" ဟုပြောသည်။ ပန်းမိတ်ကပ်ရောင်ပြေပြေလေးဆိုးထားသော သူမ၏ နူတ်ခမ်းပါးပါးလေးတွေတွင် အရှက်နွယ်သောအပြုံးလှလှလေးတစ်ခု ထင်းလာသည်။ ခွန်းသည် ထိုနူတ်ခမ်းလေးတွေကို တစ်ကြိမ်တစ်ခါမှ နမ်းရှိုက်ဖူးခြင်းမရှိသေးပေ။

စိတ်လှုပ်ရှားနေ၍ထင်သည်၊ သူ့လက်ကိုဆုပ်ကိုင်ထားသော သူမ၏လက်တွေသည် အနည်းငယ် အေးစက်၍ စိုထိုင်းနေသည်။

" ကို့ အမေက သဘောကောင်းပါတယ်၊ စကားတော့နည်းတယ်၊ သူ ဟင်္သာကို သိပ်မြင်ဖူးချင်နေတာ "

လှေကားပေါ်သို့ အတူတက်နေရင်းမှ ခွန်းသည် ရင်တလှပ်လှပ်ဖြစ်နေသောသူမ စိတ်သက်တောင့်သက်သာ ရစေလိုငြား နှစ်သိမ့်ပြောဆိုသည်။

ခွန်း၏အိမ်အပြင်အဆင်သည် သပ်ရပ်ရိုးရှင်းသည်။ သို့သော် ထိုင်းမှိုင်းငြီးငွေ့ဖွယ်ကောင်းလွန်းလှသည်ဟု သူမထင်သည်။ ပြတင်းပေါက်များမှာ မာဘယ်လ်မီးခိုးရောင်လိုင်ကာရှည်ရှည်ထူထူတွေတပ်ဆင်ထားသောကြောင့် နေရောင်တိုးမပေါက်ဘဲ မီးခိုးဖျော့ဖျော့အဖြစ် အသွင်ကူးပြောင်းနေကြသည်။ အဲကွန်းဖွင့်ထားသောကြောင့် ဧည့်ခန်းသည် အေးမြနေ၏။ ဝရန်တာငယ်နှင့်ကပ်ရပ် အိမ်၏အရှေ့ဘက်ခြမ်းတွင် အခန်းငယ်တစ်ခန်းရှိသည်။ ခွန်းကတော့ စာကြည့်ခန်းဟုပြောသည်။ ဧည့်ခန်းမှ ဆက်သွားလျှင် အိပ်ခန်းကြီးတစ်ခန်းနှင့် အိပ်ခန်းသေးနှစ်ခန်းကို တွေ့ရမည်။ ဧည့်ခန်းနှင့် ကပ်ရပ်တွင်ရှိသော အခန်းက ခွန်း၏အခန်းဖြစ်ပြီး နောက်တစ်ခန်းမှာ သူ့ကိုကိုအခန်းဖြစ်ကြောင်းပြောပြသည်။ ထို့နောက်တွင်မှ မီးဖိုချောင်နှင့်ဆက်ထားသော ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာတို့ကို မြင်တွေ့ရမည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now