အခန်း ၁၇

399 17 0
                                    

ဇွန်းသံ၊ ခရင်းသံ၊  ကြွေခွက်ချင်းထိခတ်သံနှင့် စကားပြောသံ ခပ်စိပ်စိပ်ဖြင့် စည်ဝေနေ
သောဆိုင်လေးသည် တခဏမျှ တိတ်ဆိတ်သွားသလိုခံစားရသည်။ ဒါမှမဟုတ် သူမ၏ကမ္ဘာသည် တစ်ခဏမျှ ရပ်တန့်သွားခဲ့လေသလား။ အသက်ရှူသံခပ်ပြင်းပြင်းကိုသာ သူမ နားထဲပြန်ကြားယောင်နေမိသည်။

ဟင်္သာသည် မေမေ့ကို မော့မကြည့်ရဲသေးပေမဲ့ နောက်ထပ်ထွက်ပေါ်လာမည့် စကားသံကိုတော့ စိတ်လှုပ်ရှားမူ့နှင့်အတူ နားစွင့်နေမိသည်။  မေမေသည် သူမကို စိတ်ဆိုးမည်ဆိုလျှင်တောင် လူကြားထဲတွင်တော့ အရှက်ရအောင် ဘယ်သောအခါမျှ လုပ်မည်မဟုတ်ဆိုတာကို သူမသိသည်။ အဘယ်အရာကို သူမ စိုးရိမ်ခြင်းပင်နည်း ... ။

    "  ဟင်္သာ .... ပြီးရင် လာခဲ့လိုက်တော့၊ ကားပေါ်မှာ စောင့်နေမယ် "

   " ဟုတ် "

မေမေ့အသံသည် အေးစက်စက်ဖြစ်နေသော်လည်း တင်းမာခြင်းမရှိပေ။ သူမ မျက်လွှာပင့်ကာ ကြည့်ချိန်တွင် မေမေသည် တံခါးတွန်းဖွင့်ကာ ဆိုင်အပြင်ဘက်သို့ထွက်သွားနေလေပြီ။

သက်ပြင်းတစ်ချက်ချရင်း သူမနှင့်ခွန်းသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးမိကြသည်။ သို့သော် ဟင်္သာက အပြုံးကိုအလျင်အမြန်ပင် သတ်၍ အကြည့်လွှဲလိုက်သည်။ သူ့ကို ဒီလိုကြည်ကြည်သာသာ ချစ်ခွင့်မပေးနိုင်သေးပါဘူး။ သူမကို အခုချိန်ထိဖုံးကွယ်ထားခဲ့သည့် အတွက် စိတ်ဆိုးအုံးမည်။ စိတ်ကောက်အုံးမည်။

သူမက မျက်နှာလွှဲလိုက်လျှင် ခွန်းက သူမလက်ကို ပို၍တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း ဘာဆက်လုပ်ရမှန်းမသိသလို မရေမရာရပ်ကြည့်နေလေသည်။
   
      " သွားတော့မယ်နော် "

သူမကပြောရင်း သူ့လက်ကိုဆုပ်ကိုင်ထားသည့် လက်ချောင်းများကိုဖြေလျှင် ခွန်းကမလွှတ်ချင်သေးသလို ပေကပ်ကပ်ဖြင့် ဖွဖွလေးဆုပ်ထွေးထားသေးသည်။ အားထည့်စရာမလိုဘဲနဲ့တောင် သူ့လက်မှ အလွယ်တကူ ရုန်းထွက်နိုင်သော်လည်း ခွန်းက အသာတကြည်လွှတ်ပေးတာကို သူမစိတ်က လိုလားမိပြန်သည်။

    "အို ... လွှတ်လေ... သွားတော့ပါမယ်ဆိုနေ၊ မေမေ စောင့်နေတယ် "

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now