အခန်း ၂၂

338 11 0
                                    

မိုးတဖွဲဖွဲစွေတတ်သော နေ့ရက်တွေတွင် သူမတို့နှစ်ယောက်သည် စာကြည့်တိုက်တွင် စာအတူလုပ်ရင်းဖြင့်သာ အချိန်ကုန်ဆုံးကြရသည်။ စာကလည်း မနှစ်ကထက်ပိုများလာသည်ပင်။ စာလုပ်နေရင်းမှ ခွန်းသည် သူ့ဘဝတစေ့တစောင်းကို ပြောပြတတ်လေ့ရှိသည်။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိ၊ ပိုရင်းနှီးလာခဲ့သည့်အခါ သူမတို့ကြားတွင်ရှိသော မေတ္တာနှင့် ယုံကြည်မူ့သည်လည်း ပို၍ ခိုင်မာနက်ရှိုင်းလာခဲ့ရသည်။ ခွန်းသည် သူ့ကိုယ်သူ လုံခြုံစွာ ကာရံထားခဲ့ဖူးသော နံရံတွေကို တစ်လွှာချင်းစီ ဖြိုလှဲလာခဲ့သည်။

သူဟာ ကလေးဘဝက သိပ်ကို ခံစားလွယ်သူတစ်ယောက်ဖြစ်ခဲ့သည်ဆို၏။ တိရစ္ဆာန်ရုံဆိုတာ သူကြည့်ဖူးသည့် jungle book ကာတွန်းကားထဲကလိုမျိုးလို့ သူထင်ခဲ့သည်။ တကယ်တမ်း တိရစ္ဆာန်ရုံသို့ ပထမဆုံးအကြိမ်သွားလည်ရသည့်အခါ သူ့အတွေးတွေနှင့် တက်တက်စင်အောင်လွဲနေခဲ့သည်။ ပြီးတော့ လက်တွေ့ဘဝဆိုတာ ဒါပါလားလို့ ပထမဆုံးအကြိမ် ဆင်ခြင်သဘောပေါက်ခဲ့ရသည်။

ဆင်တွေကိုမြင်လိုက်ရချိန်မှာတော့ သူတုန်လှုပ်သွားမိသည်။ မျက်ရည်တွေ တဖြိုင်ဖြိုင်စီးကျလာခဲ့သည်။ ဆရာမတွေက သူ့ကို ကြောက်လို့နေမှာဆိုပြီး ဆင်တွေနှင့် ခပ်ဝေးဝးသို့ ဆွဲခေါ်ဖို့ လုပ်ကြသည်။ လွှတ်ပေးလိုက်ပါဟု သူတောင်းဆိုသည့်အခါမှာ သူ၏ အကြောင်းပြချက်သည် လူကြီးများအဖို့ စိတ်ကသိကအောင့်ဖြစ်စရာဖြစ်နေခဲ့သည်။ ဒီဆင်တွေကို သံခြေချင်းမခတ်ထားရင် ထွက်ပြေးသွားမှာပေါ့ဟူသော မှတ်ချက်ကို သူ ရခဲ့သည်။ သူငယ်ချင်းတွေက သူ့ကိုကြည့်ပြီး လှောင်ရယ်ကြသည်။ သို့သော် လူတွေကို ဖျော်ဖြေဖို့သက်သက်အတွက်ဖြင့် ဆင်တွေကို သေမိန့်ကျခံထားရသည့် အကျဉ်းသားတစ်ယောက်လို အတင်းအဓမ္မ လှောင်ဖမ်းထားခြင်းကိုမူ မည်သူကမှ သနားစရာပါလားလို့ ကိုယ်ချင်းစာပြီး မတွေးခဲ့ကြပေသည်လား။ တိရစ္ဆာန်တွေမို့ ကိုယ်ချင်းစာစရာ မလိုဘူးလို့ ခံယူထားကြလို့လား။ တကယ်တော့ တိရစ္ဆာန်ရုံများသည် ဖျော်ဖြေရေး ခေါင်းစဉ်တပ်ထားသည့် အကျဉ်းထောင်များပင်ဖြစ်သည်။ သူရွံမုန်းမိသည်။ နောင်အခါ ဘယ်တော့မှမသွားဟုလည်း ဆုံးဖြတ်ချက်ချခဲ့သည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Tempat cerita menjadi hidup. Temukan sekarang