အခန်း ၃၀

241 12 0
                                    

လူတွေ၏မျက်နှာကို မှတ်မိဖို့ခဲယဉ်းသည့်ရောဂါသူမတွင် ရှိနေသည်ကို စသိခဲ့သည့်အချိန်မှာ ၆ တန်းနှစ် နွေရာသီကျောင်းပိတ်ရက်တစ်ရက်တွင်ဖြစ်သည်။ ထိုနှစ်က ဒီဒီသည် ရေခြောက်ပေါက်၍ သူ့မေမေက ခေါင်းတုံးတုံးပစ်တာကို ခံခဲ့ရသည်။ အပျိုဖြစ်စ အရွယ်လေးမို့ " ခေါင်းတုံးမ " ဟု မြင်မြင်သူမှန်သမျှက စနောက်ကြခြင်းကို ရှက်ကာ ဝမ်းနည်းနေခဲ့သည်။ ဆော့ကစားချင်စိတ်ထက် မှန်တကြည့်ကြည့်ဖြင့် လှချင်ပချင်စိတ်ကလေးက မသိမသာ အလေးပိုလာပြီဖြစ်သောအရွယ်လေးတွင် ရေခြောက်ကထပေါက်ပြီး အနာရွတ်တွေကျန်ခဲ့တော့ ပိုလို့ပင် မိမိကိုယ်မိမိ အကျီးတန်သည်ဟု ထင်မှတ်တော့သည်။

တစ်ရက် ဒီဒီ အိမ်သို့ရောက်လာစဉ် သူမမှာ သူ့ကို ကြောင်ပြီး ငေးကြည့်နေခဲ့သည်။ ပြီးလျှင် " နင်က ဘယ်သူလဲ " ဟု မေးခဲ့သည်။ အစကတော့ သူမက စနောက်နေသည်ဟုပင် ထင်နေသေးသည်။ နောက်မှ သူမ အတည်ပြောနေမှန်းသိသောအခါ စိတ်ဆိုးဒေါသထွက်ရမည့်အစား သူရုပ်ဆိုးသွား၍ သူမကတောင် မမှတ်မိတော့ပါဘူးဟု ပြောကာ ချုံးပွဲချငိုလေတော့သည်။

ပထမတော့ မေမေသည်ပင် သူမကို စနောက်နေသည်ဟု ထင်မှတ်ကာ ဆူသေးသည်။ နောက်တွင် သူမ၏ မူမမှန်သောအပြုအမူများကြောင့် သံသယဝင်လာကာ ဆရာဝန်ဖြင့်ပြခဲ့သည်။

ဆရာဝန်က သူမကို အထပ်ထပ်အခါခါ စမ်းသပ်ကြည့်ပြီးနောက် face blindness လို့အလွယ်ခေါ်ကြတဲ့ conversion disorder ရှိနေတယ်လို့ ပြောပြခဲ့သည်။ ခန္ဓာကိုယ်ချို့ယွင်းမူ့ကြောင့် မဟုတ်ဘဲ စိတ်ဒဏ်ရာရရာမှတဆင့်ဖြစ်လာခဲ့သောရောဂါမို့ စိတ်ရှည်ရှည်ကုသရမည်ဖြစ်ပြီး ရာနှုန်းပြည့်ပျောက်ကင်းနိုင်မည်လို့လည်း အာမမခံနိုင်ကြောင်း ရှင်းပြခဲ့သည်။

ထိုရောဂါသည် သူမ၏ ငယ်ဘဝကို ဆိုးဆိုးဝါးဝါးမထိခိုက်စေခဲ့သော်လည်း အတန်းထဲတွင် သူမကို မှတ်ဉာဏ်ချို့ယွင်းသူလို့သတ်မှတ်ကာ အပေါင်းအသင်းမလုပ်ချင်ကြပေ။ အိမ်နီးချင်းများက လူကြီးကိုမသိချင်ယောင်ဆောင်သော ရိုင်းစိုင်းသည့်ကလေးဟု အထင်လွဲမှားကြသည်။ အူကြောင်ကြားလေးဟုပင် မကြားတကြား ပြောဆိုတတ်ကြသေးသည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now