အခန်း ၂၀

387 12 2
                                    

ဟင်္သာသည် လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းကာ အညောင်းဖြေရင်းမှ နံရံတွင် ချိတ်ဆွဲထားသော နာရီကို လှမ်းကြည့်သည်။ ခွန်း ဘာလို့နောက်ကျနေတာပါလိမ့် ...။

ဒီဒီက ဆိုဖာခုံကို ကျောမှီထိုင်ရင်း ဖုန်းသုံးနေရာမှသူမကို တစ်ချက်တစ်ချက် မသိမသာ လှမ်းကြည့်သည်။ မေဂျာမတူသော်လည်း သူတို့နှစ်ယောက်သည် သူမ၏အိမ်၌ပင် စာအတူလုပ်ဖြစ်ကြသည်။ ဒီဒီက စာလုပ်ရမှာ ပျင်းတတ်သူ၊ သူ့ဘာသာ စာလုပ်လျှင် စာကျက်လိုက်၊ ဟိုအကြောင်း၊ ဒီအကြောင်း စဉ်းစားလိုက်နှင့် အာရုံစုစည်းမရဖြစ်တတ်သည်။ သူ့အနားမှာ စာလုပ်နေသူတစ်ယောက်ရှိလျှင်တော့ အာရုံသိပ်မထွေပြားတော့ဘဲ သူပါ စာကျက်ခြင်းကို စိတ်ပါလက်ပါ လုပ်လို့ရလာသည်။ ယူကျူ့မှာ တွေ့ရတတ်သည့် စာအတူလုပ်ကြမယ် ဆိုသည့် ဗီဒီယိုတွေက ဒီဒီတို့လို လူမျိုးတွေအတွက်ပင်ဖြစ်မည်။

" ခွန်း လာမှာလား "

ဒီဒီက ဖုန်းသုံးနေရင်းမှ သူမကို လှည့်မကြည့်ဘဲမေးသည်။ နာရီ တကြည့်ကြည့်ဖြစ်နေသော သူမကို မျက်စိမွှေးစူးသောကြောင့်ပင် ဖြစ်မည်။

" လာလိမ့်မယ် ၊ ဆေးခန်းမှာ ကြာနေလို့နေမယ် "

" အမြန်လာမှပဲ၊ ဒီမှာက အယ်လ်ပါကာမလေး ဖြစ်တော့မယ် "

သူမက ရယ်မောရင်း တစ်ရှူးတစ်ရွက်ကို လုံးချေကာ ဒီဒီ့ဆီသို့ လှမ်းပေါက်သည်။

" ငါ့ကို ကျေးဇူးတင်ပါနော်၊ ငါရှိလို့ သူလာရတာ "

ဒီဒီ့စကားကိုတော့ သူမ မငြင်းနိုင်ပေ။ မေမေသည် ခွန်းနှင့် သူမ ချစ်သူဖြစ်ကြခြင်းကို ကန့်ကွက်ခြင်းမရှိသလို၊ ခွန်းနှင့် မိတ်ဆက်ပေးသည့်အခါတွင်လည်း ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံသည်။ ထို့အပြင် သူမတို့နှစ်ယောက်အတူ ဒိတ်သွားသည်ကိုလည်း အိမ်ပြန်ချိန် ကန့်သတ်ခြင်းမှလွဲ၍ ငြူစူခြင်းမရှိခဲ့ပေ။

သို့သော် အိမ်တွင် နှစ်ယောက်တည်း အတူရှိနေခြင်းကိုတော့ သူမတို့ကို မယုံကြည်ခြင်းဆိုတာထက်ပတ်ဝန်းကျင်၏ အပြောအဆိုခံရလိမ့်မည်ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် ခွင့်မပြုပေ။သူမနှင့် အဖော်တစ်ယောက်ယောက်ရှိလျှင်တော့ ခွန်း လာခွင့်ရှိသည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now