အခန်း ၄

733 18 0
                                    

တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး စကားသံတွေကြောင့် ဟင်္သာအိပ်နေရာမှ နိုးလာခဲ့သည်။ အပြင်မှာ ဖွားဖွားရောက်နေသည်ထင်သည်။ ခေါင်းအုံးဘေးက  ဖုန်းကိုယူကြည့်တော့ မနက် (၁၀ )နာရီထိုး​နေပြီ။ ကျောင်းပိတ်ရက်မို့ စိတ်အလိုလိုက်ပြီး အကြာကြီးအိပ်မိ၍ နိုးနိုးချင်းပင် ဆာလောင်မွတ်သိပ်လာသည်။

အိပ်ရာမှထပြီး ချက်ချင်းအခန်းပြင် မထွက်ချင်သေးတာကြောင့် မှန်တင်ခုံရှေ့ထိုင်ကာ ခေါင်းဖြီးရင်း မိမိ၏ မို့အစ်နေသောမျက်လုံးများကိုကြည့်ကာ တွေးမိသည်။ အင်း ... ဘွားဘွားသာမြင်ရင် " ဒီကောင်မလေး ဘယ်လောက်တောင်အိပ်ထားလဲမသိဘူး၊ မျက်နှာကြီးကို ဖောင်းကားလို့ " လို့ဆိုပြီးပြောမှာ ကျိန်းသေသည်။ ဟင်္သာသည် ပခုံးကျော်ကျော်ဆံနွယ်တွေကို သေချာစုပြီး ခပ်မြင့်မြင့်စီးသင်လိုက်သည်။

" ဟင်္သာက အခုထိတောင် မထသေးဘူးလား၊ ညည်းသမီးက ညည်းနဲ့တူလို့ပျင်းတာ "

" အမေကလည်း အိပ်ပါစေ၊ ကျောင်းပိတ်ရက်လေးပဲ စိတ်တိုင်းကျအိပ်ရတာ "

" အေး အလိုလိုက်နော်၊ ကျန်တာအလိုလိုက်တာ ငါမပြောလိုဘူး၊ ညည်းလိုတော့ လူရွေးမမှားစေနဲ့၊ ညည်းသာ ငါ့စကားနားထောင်ခဲ့ရင် ခုချိန် ဘုံဖျားမှာစံစားနေရပြီ "

" အခုလည်း အဆင်ပြေနေတာပဲလေ၊ ကြည်တို့မှာ ဘာလစ်ဟာနေတာရှိလို့လဲ ၊ အေးအေးချမ်းချမ်း ပြည့်ပြည့်စုံစုံနေနေရတာ အမေ့ အမြင်ပဲလေ "

အခန်းထဲကနေကြားနေရသော စကားသံတွေကြောင့် စိတ်ကြည်ကြည်လင်လင်ဖြင့် နိုးလာသော ဟင်္သာ အနည်းငယ်စိတ်ထွေးသွားမိသည်။

ဘွားဘွားဟာ သူပေးစားတဲ့သူကိုမယူဘဲ ဖေဖေ့ကိုရွေးချယ်ခဲ့၍ မေမေ့ကို ရာသက်ပန်မကြည်ဖြူနိုင်ပေ။ မေမေ့ရဲ့ အိမ်ထောင်ရေးအဆင်မပြေမူ့က ဘွားဘွားအတွက်တော့ စကားနိုင်လုစရာ ကိစ္စမျှသာဖြစ်နေခဲ့သည်။ ဘွားဘွား ပေးစားသည့်လူကို မေမေယူခဲ့ရင်ကော အိမ်ထောင်ရေးအဆင်ပြေမယ်လို့ တစ်ရာရာခိုင်နှုန်းအာမခံနိုင်လို့လား။ ရှေ့ဖြစ်မဲ့ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်သော်လည်း တစ်ချို့လူကြီးတွေက သူတို့ပဲကြိုမြင်သယောင်ယောင်၊ သူတို့စီစဉ်လျှင် အရာအားလုံး အဆင်ပြေမည်ဆိုသည့် အတွေးက အလွန် အတ္တဆန်ပြီး ကိုယ်ရည်သွေးရာကျလွန်းသည်ဟု ဟင်္သာထင်သည်။ အကယ်၍များ တစ်ခုခုမှားယွင်းခဲ့သည်ရှိသော် "ငါတို့ကကောင်းစေချင်လို့ စီစဉ်တာ၊ ခုလိုဖြစ်လာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ " ဆိုပြီး ကံတရားကို လွှဲပုံချတတ်သည်။ ဒါက ဟင်္သာ ကြီးပျင်းလာသည့် ဝန်းကျင်တွင် အများဆုံးတွေ့ရတတ်သော လူကြီးတွေ၏ပုံစံဖြစ်သည်။ အဲ့ဒီ့ထဲမှာ ဘွားဘွားသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now