Chapter - 27

143 18 12
                                    

Unicode

အပိုင်း ၂၇။ မင်းစကားနားထောင်မယ်

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။ ကျောင်းသားအများစုက နှစ်သစ်ကူးပိတ်ရက်ကို အမြန်ဆုံးရောက်ရန် မျှော်လင့်နေကြပါသော်လည်း ထိုပိတ်ရက်မတိုင်ခင် စာမေးပွဲဖြေဆိုရမည်ဖြစ်သောကြောင့် သူတို့မှာ အပြည့်အဝ မပျော်နိုင်ကြပါချေ။

စာဂျပိုးများဖြစ်သည့် ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့မှာလည်း လစဉ်လတိုင်း အဆင့်တစ်နေရာကို သူတစ်လှည့်၊ ကိုယ်တစ်လှည့်ဖြင့် တစ်ယောက်ကိုယ်တစ်ယောက်အကျောမပေးဘဲ ပြိုင်လုနေကြပြီး တစ်ခါတလေ တူညီသော အမြင့်ဆုံးအမှတ်ကို ရရှိကြသောကြောင့် ပူးတွဲအဆင့်တစ် ဟူ၍ပင် ဖြစ်ကြသေးသည်။ အဆင့်အတွက် ပြိုင်ဆိုင်ကြပါသော်လည်း နှစ်ယောက်သားက အမြဲတမ်းလိုလို နီးကပ်စွာ ထိုင်ရသည့်အပြင် အတူတူစာလေ့လာဖြစ်ကြသောကြောင့် ပို၍လည်း ရင်းနှီးလာကြသည်။ ရလဒ်ကတော့ ကျောင်းတွင် ပိုမိုဆိုးရွားသည့် ကောလဟာလများ ပျံ့နှံ့လာခြင်းပင်ဖြစ်ပါတော့၏။ သို့သော်လည်း တစ်ယောက်မှ ငြင်းဆိုချက်မပြုကြဘဲ လျစ်လျူရှုထားကြသောကြောင့် မူလက အမှန်မဖြစ်လာနိုင်သည့်ကောလဟာလတစ်ခုဟု မှတ်ယူထားကြသော ကျောင်းသူများမှာ တဖြည်းဖြည်းနှင့် သူတို့၏ ယုံကြည်ချက်များ ယိုင်နဲ့လာပြီး ရင်ကွဲရပါတော့သည်။ သို့သော်လည်း သူတို့၏အသည်းစွဲ မော့ပေကျစ်လေးကတော့ ယခုရက်ပိုင်းတွင် ခြေငြိမ်နေပြီး မည်သူနှင့်မှ သတင်းမထွက်သောကြောင့် ဤတစ်ခေါက် ရိုက်ချက်၏ဒဏ်ကို လျော့ပါးစွာ ခံစားရခြင်းဖြစ်ပါလိ့မ့်မည်ဟု သူတို့က တိတ်တဆိတ်တွေးကာ ဖြေသိမ့်လိုက်ရသည်။

" မင်း ညနေဘက် အားလား "

" ငါ သိုက်ယွီကို စန္ဒယားသင်ပေးဖို့ ရှိသေးတယ်။ ဘာလို့လဲ "

ဝမ်ရိပေါ်၏ အမေးကို ဖြေလိုက်ခြင်းနှင့်အတူ အကြည့်များကလည်း မေးခွန်းမေးသူထံသို့ အလိုလိုရောက်ရှိသွားပါ၏။ နေ့လည်စာစားပြီးသည့်အချိန်တွင် စာသင်ခန်းထဲတွင် ဆက်မထိုင်ချင်တော့သောကြောင့် သူတို့နှစ်ယောက်က ကျောင်းပန်းခြံထဲသို့ ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။

SwitchWhere stories live. Discover now