Chapter - 19

121 14 6
                                    

Unicode

အပိုင်း ၁၉။ ရေစက်

ပြိုင်ပွဲများစွာတွင် အရွေးချယ်ခံခဲ့ရသည့် ဝမ်ရိပေါ်က ကျောင်းတွင် လွန်စွာကို သတင်းမွှေးနေပြီး ကျောင်းသားများကြားတွင်သာမက ဆရာများကြားတွင်ပါ နာမည်ကျော်ကြားလာသည်။ ဆရာများကလည်း မသိမသာရော၊ သိသိသာသာကိုပါ ဝမ်ရိပေါ်ကို ပိုအလေးပေးလာပြီး အခြားကျောင်းသားများကို စံနမူနာ ယူခိုင်းလေ့ရှိသည်။ ကျောင်းသားအချို့က ဝမ်ရိပေါ်ကို ပိုလေးစားလာကြပါသော်ငြား အချို့ကတော့ ကြက်ကန်းဆန်အိုးတိုးသွားရုံသာပဲဆိုပြီး ပို၍မျက်မုန်းကျိုးလာကြသည်။ လပတ်စာမေးပွဲထပ်ဖြေရသည့်အခါ ဝမ်ရိပေါ်က အဆင့်တစ်နေရာကို ပြန်ရယူသွားခဲ့သည်မို့ သူတို့၏ ပါးစပ်ပေါက်လေးများမှာ ခေတ္တမျှ ပိတ်သွားခဲ့ရပြီး ဆရာများထံမှာ ဝမ်ရိပေါ် ဆိုသည့် နာမနှင့်ပက်သတ်ပြီး ချီးကျူးစကားများကို အတန်းတိုင်းက နားကြားပြင်းကပ်အောင် နားထောင်ခဲ့ရလေ၏။

ရှောင်းကျန့်က ပထမဆုံး သူ့ကြိုးစားမှုကြောင့် ရလာသည့် လုပ်အားခလေးကို သေချာဆုပ်ကိုင်၍ အိမ်သို့ မြောက်ကြွမြောက်ကြွပြန်လာခဲ့သည်။ သူ့ရင်ထဲတွင် ဖော်မပြနိုင်သည့် ပီတိမျိုးကို ခံစားနေရပြီး ဖြစ်နိုင်လျှင် သူ၏ပထမဆုံးလစာကို ရွှေချ၍သာ အလှကြည့်ချင်ပါတော့သည်။ မဖြစ်နိုင်သည့်အရာမှန်းတွေးမိသည့်အခါ ရှောင်းကျန့်က သက်ပြင်းဖွဖွချသည်။ သူ့ကြောင့် ဆုံးရှုံးသွားရသည့် ဝမ်ရိပေါ်၏ အလုပ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ဤအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ရရှိလာသောလစာကို အဖေဝမ်ကိုသာ အပ်ရလေမည်။ အကြွေးဆပ်ရန်ကူညီပေးနိုင်လျှင်လည်း နည်းသည်မှမဟုတ်ပါချေ။

ရှောင်းကျန့်က အဖေဝမ်ကို လစာအပ်သည့်အခါ အဖေဝမ်ကို သူ့ကို နားမလည်သည့်ပုံဖြင့် ကြည့်လာသောကြောင့် ရှောင်းကျန့်မှာ ဖြေရှင်းချက်ပေးရသည်။

" ကျွန်တော့်လခနဲ့ အကြွေးတွေကို ကူဆပ်ပေးချင်လို့ "

" ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးဖို့ယူထားပါ။ ဟိုတစ်ခေါက် ပြိုင်ပွဲတွေကရတဲ့ဆုကြေးတွေတောင် အဖေ့ကိုပေးထားတဲ့ဟာကို။ သည်လခတော့ အဖေမယူနိုင်ပါဘူး "

SwitchWhere stories live. Discover now