Chapter - 12

161 19 6
                                    

Unicode

အပိုင်း ၁၂။ ရှောင်းမား၏တစ်ဖက်ခြမ်းပုံစံတစ်ခု

" ဒါ ဘယ်လိုဖြစ်တာလဲ "

တိတ်ဆိတ်နေသောလေထုကို ဖြိုခွဲလိုက်သူ ရှောင်းမား၏အသံက ညင်သာခြင်းအလျဉ်းမရှိပါချေ။ ရီပို့ကတ်ကိုကိုင်၍ မျက်မှောင်ကြုတ်ထားသည့် ရှောင်းမား၏ စိတ်အခြေအနေက တော်တော်လေးဆိုးရွားနေမည်ကို လွယ်ကူစွာခန့်မှန်းနိုင်ပါသည်။

" .... "

ဝမ်ရိပေါ်က ဘာကိုမှ ပြန်မဖြေနိုင်ပါချေ။ ဒါက သူ့အမှားဖြစ်သည်မို့ မည်သည်ကိုမှ အပြစ်တင်စွပ်စွဲလိုစိတ်မရှိပါ။ စိတ်ဖိစီးမှုများပြီး စာပေါ်တွင် အာရုံမထားနိုင်ခဲ့သည့် သူ့အကြောင်းသူ အသိဆုံးမို့သာ ဖြစ်ပါလိမ့်မည်။

" အခုတော့ ဖြေရှင်းချက်တောင် မပေးတော့ဘူးပေါ့။ ဟုတ်လား ရှောင်းကျန့် "

" .... "

" အရင်ရက်တွေက ဂိုက်ဆရာတွေက သူတို့သင်ခန်းစာတွေအပေါ် သားသိပ်အာရုံမစိုက်တော့ဘူးလို့ တိုင်တန်းစာရထားလည်း မားဘာမှမပြောတာ ဘာလို့လဲသိလား။ သားမှာ လပတ်စာမေးပွဲရှိတာသိလို့ ဖိအားများနေမှာပဲဆိုပြီး မားမသိချင်ယောင်ဆောင်ထားတာ။ အဲ့သည့်ရလဒ်က အဆင့်သုံးဆင့်တောင် လျှောလာတာတဲ့လား ရှောင်းကျန့် "

" တောင်းပန်ပါတယ် "

သူ့သားဆီမှ တောင်းပန်စကားကြားလိုက်ရသည့်အခါ ရှောင်းမား၏မျက်ခုံးများက အနည်းငယ်ပြေလျော့သွားပြီး မျက်ဝန်းများသည်လည်း အံ့ဩရိပ်သန်းသွားလေသည်။ ယခင်ကလိုဆိုလျှင် သူအဆင့်လျှောရသည့်အကြောင်းအရင်းများစွာကို ဆွဲထုတ်ထောက်ပြလိမ့်မည်မလား။ ဘယ်တုန်းက သူ့သားက အမှားဝန်ခံတတ်သွားတာလဲ။ ရှောင်းမားက သက်ပြင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မီးခိုးရောင်ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

" လာ ဒီကိုလာ "

ရှောင်းမားက သူ့ဘေးတွင် ထိုင်ရန်ခေါ်သောကြောင့် ဝမ်ရိပေါ်လည်း ဆိုဖာပေါ်တွင် ကျောပိုးအိတ်ကိုချ၍ သွားထိုင်လိုက်သည်။

" မားက သားကောင်းဖို့အတွက်ပြောနေတာ သားသိတယ်မလား။ မား သားအတွက် ပိုက်ဆံတွေအကုန်ခံပြီး သင်တန်းတွေအများကြီးထားပေးတယ်ဆိုတာ နောင်တစ်ချိန်ကျ တခြားလူတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်လို့။ ပညာဆိုတာ များများတတ်ထားလေကောင်းလေပဲ။ ပြီးတော့ သားက မားတို့စီးပွားရေးကို စိတ်မဝင်စားတော့ မားတကယ် သားအနာဂတ်အတွက် စိတ်ပူတယ်။ နောက်ကျ သားဘာအလုပ်လုပ်မလဲ၊ လစာရောထိုက်ထိုက်တန်တန်ရပါ့မလား၊ သက်တောင့်သက်သာအလုပ်လုပ်နိုင်ပါ့မလားဆိုပြီး မားက တွေးတွေးပူနေရတာ။ အဲ့ဒါကြောင့် သားပညာရေးမှာ အမှတ်ကောင်းကောင်းရပြီး သားစိတ်ဝင်စားတဲ့မေဂျာကို စိတ်​ကြိုက်ရွေးချယ်နိုင်စေချင်တာ "

SwitchWhere stories live. Discover now