Chapter - 10

179 19 4
                                    

Unicode

အပိုင်း ၁၀။ ရှောင်းမိသားစု၏ဆက်ဆံရေး

လက်တစ်ဖက်ထောက်၍ ကျောက်သင်ပုန်းကို ​မျက်တောင်မခတ်တမ်းကြည့်နေသည့်ဝမ်ရိပေါ်က ကျန်လက်တစ်ဖက်ကလည်း လက်ညိုးဖြင့် ခုံကို တတောက်တောက်မြည်အောင် ခပ်တိုးတိုးခေါက်နေသည်။ သူ၏အတွေးများက လွန်စွာကိုပင် ပြန့်ကျဲလျက်ရှိနေပြီး ယခင်ရက်က ရှောင်းကျန့်နှင့်သူ ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို လေးလေးနက်နက် တွေးတောနေသည်။ ပြီးခဲ့သည့်ရက်များတွင် သူတို့ခန္ဓာကိုယ်ချင်းလဲသည့်နေ့က ရန်ဖြစ်ချိန်မတိုင်ခင်အတွင်းတွင် သူတို့ဘာလုပ်ခဲ့ကြလဲဆိုသည်ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ရှောင်းကျန့်၏ ပြောပြချက်အရ ရှောင်းကျန့်က ထိုနေ့မနက်တွင် ရေချိုးပြီးနောက် မနက်စာကို သူအကြိုက်ဆုံး ကြက်ချိုချဉ်နှင့် အများဆုံးစားခဲ့ပြီး ပုံမှန်အတိုင်း ကားဖြင့် ကျောင်းလာခဲ့သည်။ ကျောင်းသို့ရောက်သည့်အချိန်တွင် ကောင်မလေးတစ်ယောက်ဆီမှ ရည်းစားစာပေးခံရသေးသည်တဲ့။ ဝမ်ရိပေါ်က ရည်းစားစာအကြောင်းအသေးစိတ်မေးခဲ့ပါသော်လည်း ဖွင့်တောင်မဖတ်ကြည့်ဘဲ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့သည့်ရှောင်းကျန့်က သတိထားမိခဲ့ခြင်းဟူ၍ ပန်းရောင်ရည်းစားစာမှ ပျံ့လွင့်နေသည့် ရေမွှေးနံ့တစ်ခုသာဖြစ်သည်။ ထိုရေမွှေးနံ့က အနံ့နှင့်တင် အထက်စီးဆန်ကြောင်းခံစားမိသောကြောင့် ဘရန်းတစ်ခုဖြစ်လိမ့်မည်ဟု ရှောင်းကျန့်က မှတ်ချက်ပြုခဲ့သည်။ သို့သော် ပုံမှန် ရေမွှေးမသုံးသည့်ရှောင်းကျန့်က ဘာတံဆိပ်လဲတော့ အတိအကျမသိခဲ့ပါပေ။ ထို့နောက် ကျောင်းခန်းထဲသို့ တည့်တည့်မတ်မတ်သာ ဝင်သွားခဲ့ပြီး သင်ကြားရေးထံသာ အာရုံစိုက်ခဲ့သည်။ မနက်ပိုင်းနားချိန်တွင် ကန်တင်း၌ သူ၏ရန်သူတော်ကြီးဖြစ်သူနှင့်လည်း စကားများခဲ့သေးသည်ဟု ဆိုသည်။ နောက်ပိုင်းကတော့ နေ့လည်စာစားချိန်ဖြစ်သောကြောင့် သူနှင့်တွေ့ခဲ့သည့်အချိန်ပင်ဖြစ်သည်။

ဝမ်ရိပေါ်ကလည်း ထိုနေ့က ကျောင်းသို့မလာခင် သူ၏အဖေကို အိမ်အလုပ်များကူလုပ်ပေးခဲ့ပြီး စက်ဘီးစီး၍ ကျောင်းသို့လာခဲ့ခြင်းသာဖြစ်သည်။ ကျောင်းလာချိန်၌ စက်ဘီးထွက်စီးနေသည့် ကလေးမလေးတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွားခဲ့ပြီး ထိုကလေးမလေးလည်း ဒဏ်ရာရသွားသောကြောင့် မိဘများကိုကူညီအကြောင်းကြားပြီး ဆေးခန်းလိုက်ပို့ပေးခဲ့ရသေးသည်။ ထိုကလေးမလေးက​ သူ့ကို ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောပြီး သကြားလုံးတစ်ခုကိုလက်ဆောင်ပေးခဲ့သောကြောင့် ဝမ်ရိပေါ်လည်း ထိုချစ်စရာကလေးမလေးကို ပြန်ကျေးဇူးတင်ပြီးနောက် ကျောင်းသို့ လာခဲ့သည်။ ကျောင်းနောက်ကျတော့မည်ဖြစ်သည့်သူက အမြန်ပြေးလာခဲ့ပါသော်လည်း လှေကားတက်ရင်း ချော်လဲခဲ့ပါသေးသည်။ ဒါကိုပင် အတန်းနောက်ကျသွားခဲ့သည့်ဝမ်ရိပေါ်က ထိုအတန်းချိန်၌ ဆက်တိုက်ဆိုသလိုပင် စာမေးခံရပါတော့သည်။ ဝမ်ရိပေါ်က သူ၏ ကံမကောင်းမှုများကိုတွေးမိသည့်အခါ ထိုနေ့က သူ့အတွက် ပြဿဒါးနေ့ဖြစ်လောက်မည်ဟု စိတ်နာနာနှင့် တိတ်တဆိတ်တွေးလိုက်သည်။ မနက်ပိုင်းအတန်းချိန်များကြား၌ ကျောင်းသားများခေတ္တအနားယူရန်ပေးသည့် မိနစ်ပိုင်းအချိန်တွင်လည်း မုန့်ဝယ်စားလေ့မရှိသည့် ဝမ်ရိပေါ်က အတန်းထဲမှာသာထိုင်နေခဲ့ပြီး နေ့လည်စာစားချိန်မှသာ အတန်းအပြင်သို့ ထွက်ခဲ့ခြင်းဖြစ်သည်။

SwitchNơi câu chuyện tồn tại. Hãy khám phá bây giờ