Chapter - 21

140 15 11
                                    

Unicode

အပိုင်း ၂၁။ အဖျား

မနေ့က နောက်ကျမှရေချိုးမိသည်မို့ ဆောင်းလေအေးမိပြီး ဖျားသွားသည့် ရှောင်းကျန့်မှာ စောင်ပုံထဲမှ မထနိုင်ဖြစ်နေရသည်။ အဖေဝမ်က သူ့အတွက် အလုပ်သွားရန် တွေဝေနေပါသော်လည်း သူဟန်ဆောင်ပြီး သက်သာသွားကြောင်းပြခဲ့သည်မို့ စောစောပြန်လာမည့်အကြောင်းမှာကြားသွားပြီး ထွက်သွားခဲ့၍ အိမ်တွင် သူတစ်ယောက်တည်းကျန်ခဲ့သည်။ အဖေဝမ်ပြုတ်ပေးခဲ့သည့် ဆန်ပြုတ်ကိုသောက်ပြီး ဂွမ်းစောင်အောက်၌ ပုန်းကွယ်နေသည်မှာ တစ်မနက်ခင်းလုံးပင်။ နှာစေးမပြ​တ်သောကြောင့်လည်း နှာထိပ်မှာ နီရဲလျက်။ ခေါင်းမှာလည်း လေးလံနေပြီး နဖူးဟာလည်း လောင်ကျွမ်းလျက်ရှိနေသည့် မီးသွေးခဲတင်ခံထားရသလိုပင် ခံစားနေရ၏။ သို့သော် ဆန့်ကျင်ဘက်အနေနှင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာတော့ လှိုက်အေးလျက်ရှိသည်။ အဖျားရှိန်ကြောင့် ကျောင်းပင်မသွားနိုင်ဘဲ ခွင့်ယူလိုက်ရလေသည်။ ခန္ဓာကိုယ်က အားနည်းနေသည့်အခါ ပင်ပန်းနေသည့်စိတ်ကလည်း တောင်ရောက်၊ မြောက်ရောက်။ တစ်ယောက်ယောက်သာ သူ့အနားမှာ ရှိနေလျှင် ကောင်းမှာပဲဆိုသည့်အတွေးဝင်လာသည့်အခါ သူ့မိဘအစစ်များကို ပိုလွမ်းဆွတ်လာရသည်။ သူဘယ်တော့များမှ ရှောင်းပါး၊ ရှောင်းမားတို့နှင့် ပြန်နေနိုင်လိမ့်လေမလဲ။

ဆေးအရှိန်နှင့် အိပ်ပျော်သွားပြီးနောက် ပြန်နိုးလာချိန်တွင် ကိုယ်ပူချိန်က အနည်းငယ်တော့ လျော့ကျသွားပြီဖြစ်သည်။ သက်သာလာစပြုလာသည်နှင့်အမျှ ဗိုက်ကလည်း ဆာလာချေပြီ။ တတောက်တောက်မြည်နေသည့်နာရီမှ လက်တံအတိုက ဆယ့်နှစ်ကို ပြနေသောကြောင့် နေ့လည်ရောက်နေပြီမှန်း သိလိုက်သည်။ အိုးထဲတွင် ဆန်ပြုတ်ချန်ထားခဲ့သည် ဟူသော အဖေဝမ်၏ အမှာစကားကို သတိရလိုက်သောကြောင့် အခန်းအပြင်သို့ ထွက်လာချိန်မှာပင် တံခါးခေါက်သံအချို့ ထွက်ပေါ်လာလေသည်။ ထူပူနေသည့် ခေါင်းကို အတတ်နိုင်ဆုံးလျစ်လျူရှု၍ အိပ်မှုန်စုံမွှားဖြင့် တံခါးသွားဖွင့်လိုက်သည့်အခါ ကျောင်းဝတ်စုံနှင့်လူနှစ်ယောက်ကြောင့် သူ၏မျက်လုံးများမှာ ဝိုင်းစက်သွားလေတော့သည်။ ယခုတွင် အေးစိမ့်စိမ့်ခံစားနေရသည့်သူက ဂွမ်းစောင်ကို ခြုံလျက် ထွက်လာခြင်းဖြစ်ပြီး ဆံပင်များမှာလည်း ထိုးထိုးထောင်ထောင်ဖြစ်နေလေသည်။ သူ့ရှေ့မှ သပ်သပ်ရပ်ရပ်လူနှစ်ယောက်နှင့်ယှဉ်လျှင် သူက အတော်လေးကို ကြည့်ရဆိုးနေမည်ကို ခံစားမိပါ၏။

SwitchOù les histoires vivent. Découvrez maintenant