ထိုအဖြစ်အပျက်များက ပုံမှန်ဟုဆိုလို့ရပါသော်ငြား တစ်စုံတစ်ခုကတော့ သူတို့ခန္ဓာကိုယ်ကို ပြောင်းလဲစေသည့် တရားခံဖြစ်မည်ဟု ဝမ်ရိပေါ်က ကောက်ချက်ချသည်။ သာမန်ဆန်သည့်ကိစ္စရပ်များကြားမှ ထူးဆန်းမှုများကို မဖြစ်မနေရွေးထုတ်ရမည်ဆိုလျှင် ဝမ်ရိပေါ်က ရှောင်းကျန့်ရရှိခဲ့သည့် ရည်းစားစာကိုသာ မောင်းထိုးပြမည်ဖြစ်၏။

ကျောင်းဆင်းပြီဖြစ်ကြောင်း အသိပေးသည့် ခေါင်းလောင်းသံမြည်လာမှ ဝမ်ရိပေါ်က အသိစိတ်ပြန်ကပ်လာခဲ့သည်။ အတန်းချိန်များ၌ သင်ကြားရေးဆရာများ ရှင်းသွားသည့်စာများက သူ့နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်သာ။ လပတ်စာမေးပွဲရောက်တော့မည့်ဖြစ်ကြောင်းသိပါသော်လည်း သူ၏အာရုံက စာဆီမှာ လုံးလုံးလျားလျားကို ရှိမနေပါချေ။

ဝမ်ရိပေါ် အိမ်ပြန်ရောက်သည့်အခါ ခြံထဲတွင် အခြားကားတစ်စီးပါ ရှိနေသောကြောင့် တစ်ယောက်ယောက်ရောက်နေကြောင်း သိလိုက်သည်။ အိမ်ထဲသို့ ဝင်လာသည့်အခါ ညနေစာစားရန် သူ့ကိုစောင့်နေကြသည့် ရှောင်းပါးနှင့် ရှောင်းမား။ ဆေးရုံတွင် ရှောင်းမားနှင့်တစ်ခေါက်တွေ့ဖူးပါသော်လည်း နောက်ရက်များတွင် မတွေ့ရတော့သည်မို့ ဝမ်ရိပေါ်အတွက် ထိုလူများက တော်တော်လေးသူစိမ်းဆန်နေသည်။ ရှောင်းပါးနှင့်ဆိုလျှင် ဤသည်က ပထမဆုံးတွေ့ဆုံမှုသာ ဖြစ်ပါလိမ့်မည်။

" ကျန့်အာ ပြန်လာပြီလား။ လာ မားတို့နဲ့အတူထမင်းစားကြမယ် "

" ကျွန်တော် အဝတ်အစားလဲလိုက်ဦးမယ် "

" ဟုတ်ပြီ ဟုတ်ပြီ "

ဝမ်ရိပေါ်က ရှောင်းကျန့်၏ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားပြီးနောက် ဗီရိုထဲမှ များပြားလှသော အဝတ်အထည်များကြားမှ အပေါ့ပါးဆုံးဖြစ်မည့်အဝတ်များသာ ရွေးထုတ်၍ ဝတ်လာသည်။ ထို့နောက် ရှောင်းပါးနှင့် ရှောင်းမားတို့ရှိရာ ထမင်းစားခန်းထဲသို့ ဆင်းလာခဲ့လိုက်သည်။

" ကျန့်အာ မင်းကျောင်းမှာ ရန်ဖြစ်ခဲ့တယ်ဆို "

လေသံက မမာကျောသော်ငြား ပျော့ပျောင်းမနေပါချေ။ ရှောင်းပါးထံတွင် ဩဇာပြည့်ဝသည့်အသံအနေအသံထားမျိုးရှိသည့်အလျောက် ဝမ်ရိပေါ်က အနည်းငယ်စိတ်လှုပ်ရှားလာသည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။

SwitchWhere stories live. Discover now