ဆေးရုံခန်းထဲရှိ လေထုက အစားအသောက်အနံ့များနှင့် ပြည့်နှက်လာသည်။ ဆန်ပြုတ်တစ်ပန်းကန်ကုန်သွားပြီဖြစ်သည့် ရှောင်းကျန့်က ဝမ်ရိပေါ်လက်ထဲမှ ခေါက်ဆွဲဘူးကို မျက်စောင်းထိုးသည်။ အမှန်ဆိုလျှင် ထိုခေါက်ဆွဲကို စားရမည့်လူက သူပင်။ အခုတော့ သောက်ကျိုးနည်းခန္ဓာကိုယ်ချင်းလဲသွားသည်မို့ သူ့မှာ ဆန်ပြုတ်လေးနှင့်တင် တင်းတိမ်လိုက်ရသည်။

သားဖြစ်သူက တစ်ဖက်လူနာ ခေါက်ဆွဲစားသည်အား ခိုးကြည့်သည်ကိုမြင်တော့ ဝမ်ရိပေါ်၏အဖေဖြစ်သူက တိတ်တိတ်လေး သက်ပြင်းခိုးချသည်။ သူက တကယ့်ကို တာဝန်မကျေတဲ့ဖခင်ပါပဲ။

" သား နားလိုက်မလား။ မသက်မသာခံစားရရင် ချက်ချင်းပြောနော်။ လိုအပ်တာရှိရင်လည်း ထုတ်ပြော။ တစ်ယောက်တည်းမခံစားနဲ့ ဟုတ်ပြီလား "

အပြစ်တင်စိတ်တို့ရောပြွန်းနေသည့်အပြုံးတစ်ခုကို ဆင်မြန်း၍ ပြောနေသည့် ဖခင်ဖြစ်သူကို ရှောင်းကျန့်က ဝတ္တရားအရ ခေါင်းလေးညိတ်ပြရသည်။ သူ၏အကြည့်များက ဝမ်ရိပေါ်ဘက်သို့ လွှဲပြောင်းသွားသည့်အခါ အကြည့်ချင်းဆုံသွားတာမို့ ရှောင်းကျန့်က မျက်မှောင်ကြုတ်ပစ်လိုက်၏။

သောက်ကျိုးမပေးတဲ့ ဝမ်မျိုးရိုးနဲ့ကောင်!

ရှောင်းကျန့်က မျက်နှာကိုလွှဲလို့ ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။ ထိုအခါ သူ့ရင်ဘတ်ပေါ်သို့ ရောက်လာသည့် စောင်ထူထူက နွေးနွေးထွေးထွေး။

" အဖေ့ကို စိတ်ပူအောင်မလုပ်ပါနဲ့တော့ "

ဆေးပြင်းပြင်းများ သုံးစွဲထားရသည့်ရှောင်းကျန့်က သိပ်မကြာခင်မှာပဲ ထပ်အိပ်ပျော်သွားတော့သည်။ ထွေပြားနေသည့်စိတ်ကြောင့်ရယ်လားမသိ၊ အိမ်မက်များက ဂယောက်ဂယက်။ သူပြန်နိုးလာသည့်အခါ နောက်တစ်နေ့တောင် ရောက်နေပြီ။ ကောင်းကောင်းအနားယူလိုက်သည်မို့ ရှောင်းကျန့်၏ခန္ဓာကိုယ်က တော်တော်လေးလန်းဆန်းနေသည်။ မနေ့က အဖြစ်အပျက်များက အိမ်မက်သဖွယ်ပဲ ခံစားနေရတာကြောင့် အကြောဆန့်ပြီးသည်နှင့် ပထမဆုံးလုပ်တာက မှန်ကြည့်ခြင်းပင်။

SwitchWhere stories live. Discover now