Chapter 69
ကျွန်တော့်ကောင်မလေးစုယိ။
ဗိုလ်ကြီးယင်း၏နံဘေးတွင်မူ အမျိုးသမီးတစ်ဦးရပ်နေပြီး သူမထံမှပျော့ပျောင်းသောဆံနွယ်များက ပုခုံးထက်တွင် ဝေ့ဝဲနေလေသည်။သူမက ကော်ဖီညိုရောင် ဂျာကင်နှင့် ရိုးရိုးအောက်ခံရှပ်အင်္ကျီကို ဂျင်းဘောင်းဘီအကြပ်နှင့် တွဲဖက်၀တ်ဆင်ထား၏။
ယခုအချိန်၌ စုယိ၏ခုခံအားစနစ်မှာ ကြောက်စရာကောင်းလောက်အောင် အားနည်းနေပြီး သူမမှာ နေထိုင်မကောင်းမဖြစ်ချင်သဖြင့် ဤတစ်ကြိမ်၌ လုံလုံခြုံခြုံဝတ်လာခြင်းဖြစ်သည်။
စုယိက နှုတ်ခမ်းစွန်းများကိုကော့ချိုးလိုက်ပြီး စတင်နှုတ်ဆက်လိုက်တော့၏။
"အားလုံးပဲ မင်္ဂလာပါ... ပြန်ဆုံကြပြန်ပြီနော်"
ထိုအခါယောက်ျားလေးတစ်ယောက်က မတ်တပ်ထရပ်လျက် လက်ကို ဘောင်းဘီဖြင့် ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်ကာ စုယိထံသို့လက်ကမ်းပေးလာလေသည်။သူက စုယိအား အသေအချာပင် မှတ်မိ၏။
" မင်္ဂလာပါ မင်္ဂလာပါ...ရင်းနှီးပါတယ်လို့ကြည့်နေတာ တီဗွီထဲကတစ်ယောက်ဖြစ်နေတာပဲ...အပြင်မှာ ပိုလှတယ်ဗျာ "
အခြားသူများလည်း မတ်တတ်ထရပ်လာကြပြီး idol handshake event သို့ရောက်နေသည့်သဖွယ် မျှော်လင့်စောင့်စားနေကြသည်။
"သူက မင်းမရီးပဲ "
အားလုံး၏စိတ်အားထက်သန်မှုများက စကားလေးတစ်ခွန်းနှင့်ပင် ချက်ချင်း လွင့်စင်သွားတော့၏။အခိုးအငွေ့ပင်မကျန်ခဲ့ချေ။
စုယိက ပြန်လည်လက်ဆွဲနှုတ်ဆက်တော့မည့်ဆဲဆဲတွင် ထိုတစ်ယောက်က သူ၏လက်ကို ချက်ချင်းပြန်ရုတ်သွားခဲ့သည်။
“ဟဲဟဲ... မင်္ဂလာပါ မရီး”
တစ်ဖက်မှစကားပြောသံက အလွန်ကျယ်လောင်ပြီး သူတို့သည်လေ့ကျင်ရေးဆင်းခဲ့စဉ်က နေထိုင်မှုပုံစံအတိုင်းပြုမူနေကြခြင်းဖြစ်၏။
ကနဦးက စုယိ၏အိပ်ချင်စိတ်များမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။
သို့သော်လည်း စုယိက အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းသိမ်းထားပြီး အေးအေးလူလူ ပြန်မေးလိုက်၏။