အခန်း ၉၂

750 133 22
                                    

[Unicode]

ချီယွမ်၏ ချော်ရည်များက ထင်ယောင်ထင်မှားဖြစ်မှုကို လံကြုပ်လုပ်နေသည်လော ရွှမ်းကျီး သေချာမသိ။ သို့သော် မှင်တက်မိနေချိန်တွင် သူ ငယ်ငယ်က မြောက်ပိုင်းလွင်ပြင်ဒေသတွင် ကြားခဲ့ရသည့် ရိုးရာတေးသံက သူ့နားထဲတွင် မြည်ဟည်းလာသယောင်။

သူ့အနေဖြင့် ထိုရိုးရာတေးကို ရုတ်တရက်ကြီး အဘယ်ကြောင့် မှတ်မိနေရသနည်း။ ထိုအရာသည် ကောင်းသည့်အရာမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးရာတေးသည် ခိုလှုံသူများ၏ အိမ်ပြန်လိုသည့် ဆန္ဒများနှင့် ရောစွက်နေသောကြောင့်ပင်။ သို့သော် သေမျိုးများ၏ ဘဝသည် ပေါလောပေါ်နေသော ဘဲစာပင်များနှယ် လှိုင်းနှင်ရာကို လိုက်ပါကြရသည်။ သူ့အနေဖြင့် အလွန်ပူဆွေးစရာကောင်းသော မည်သည့်ဆန္ဒကို စိတ်ကူးယဉ်နေသနည်း။

ချီယွမ်ပေါ် ဝဲပျံနေသော ပြာများကို ရွေ့လျားစေလို့မရသလို မြောက်ဘက်စွန်းမှ နှင်းဖုံးနေသော လွင်ပြင်ဒေသ၏ တစ်လက်မကိုပင် အရည်ပျော်စေနိုင်မည် မဟုတ်ပေ။

အဆုံးတွင် သူသည် ခေါင်းမဲ့နေသော ယင်ကောင်နှယ် ထင်ယောင်ထင်မှား ကြိုဟောနိမိတ်ကိုသာ ကံကြမ္မာပုံအပ်ထားခဲ့ပြီး ရေနှင့်မီးတို့ကို ငြှိမ်းသတ်ပေးမည့် ကယ်တင်ရှင်ကို တမ်းတနေခဲ့ရသည်။

ရုတ်တရက်ဆိုသလို ရွှမ်းကျီးတစ်ယောက် အတော်လေး အလိုလိုက်ခံထားရသည်ဟု သဘောပေါက်သွားခဲ့၏။

ကျုချွဲ့နောက်ဆုံးမျိုးဆက်၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံမိစ္ဆာဓား အစရှိသော စကားလုံးတို့ကို သူ အများကြီး ကြားခဲ့ရသည်။ သူကိုယ်တိုင်ကလည်း သာမန်ဖြစ်တည်မှုမဟုတ်ကြောင်း ယုံကြည်လာခဲ့၏။ သူ့တွင် ကိစ္စရပ်များကို ပြောင်းလဲနိုင်သော ထိန်းချုပ်မှုမျိုးရှိသည်ဟု ထင်နေခဲ့ဆဲဖြစ်သည်။ ရှန့်လင်ယွမ်းက ချောက်ကမ်းပါးမှ ခုန်ချသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရချိန်မတိုင်ခင်အထိ သူသည် ထင်ယောင်ထင်မှားဖြစ်နေခဲ့သည်။ ချီယွမ်၏ မီးလျှံများ ငြိမ်းသွားပြီး ကမ္ဘာကြီးငြိမ်းချမ်းသွားချိန်တွင် သူ့အနေဖြင့် မိတ်ဆွေဟောင်းကို တွေ့ရန် နောက်ထပ်အခွင့်အရေးတစ်ခု ရလာလိမ့်မည်ဟု တွေးခဲ့မိခြင်းပင်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now