အခန်း ၁၈

695 161 13
                                    

[Unicode]

ကံမကောင်းရှာသောဓားရှည်သည် ပေါင်ချိန်ပေါင်း ဒါဇင်ချီလေးသည်။ ၎င်းက ရွှမ်ကျီလက်ကို စုပ်ယူထားပြီး လက်ကောက်ဝတ်ကို ဦးတည်ချက်တစ်ဖက်တည်း လည်ထွက်သွားစေကာ အလွန်ခွတီးခွကျဖြစ်သော အနေအထားရောက်အောင် လိမ်ပစ်စေလိုက်သည်။ ရွှမ်ကျီကို မည်သည့်ခွန်အားမျှ ထုတ်မသုံးစေရန် ပြုလုပ်လိုက်ခြင်းပင်။ အနက်ရောင်မီးတောက်များက ရွှမ်ကျီဆီသို့ တစ်ဟုန်ထိုးပြေးတက်လာပြီး ဓားရှည်ကမူ အဖြူရောင်အရိုးလက်သည်းအနည်းငယ်ဖြင့် ညပ်သပ်နေဆဲ။ သူ့အတွက် လွတ်လမ်းမရှိပေ။

ကိစ္စများက မှားယွင်းသွားသည်ကိုမြင်၍ ရွှမ်ကျီလည်း နောက်ထပ်ဘာမျှပြောမနေတော့။ သူ့သဘောထားကို ပြောင်းလိုက်ပြီး အမှားကို ဝန်ခံလိုက်သည်။

"အကြီးကဲ...အခုလေးတင် ကျွန်တော် ဝင်အပူးခံလိုက်ရတာ။ ကျွန်တော်က အယုတ်တမာကောင်၊ ခွေးမသားပါ။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီး ဘုံရန်သူကို အရင်ဆုံးတိုက်ထုတ်ကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

အမြဲတမ်းနူးညံ့ပြီး ယဉ်ကျေးသော ရှန်လင်းယွမ်က ပြန်ဖြေလိုက်သည်။

"ကောင်းသားပဲ"

'ကောင်းသားပဲ'နောက်တွင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဓားကိုချိုးပစ်ရန် ကြံစည်အားထုတ်နေပြီး ကျန်တစ်ယောက်က သူတစ်ပါးအတွက် ကြားကဒဏ်ခံရသူဖြစ်အောင် ဆက်ဆွဲနေလေသည်။ သူတို့နှစ်ယောက်လုံး အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟရန်မလိုလောက်အောင်ပင် တစ်ယောက်အကြောင်းတစ်ယောက် အလွန်နားလည်ကြသည်---အလွန်နောက်ကျမှ ဆုံတွေ့ရသည့် ဆိုးရွားသော သန္ဓေသားလောင်းတစ်စုံနှယ်။

ထိုအဖြူရောင်အရိုးလက်သည်းများ မည်သည့်နေရာကထွက်လာမှန်း တစ်ယောက်မှမသိကြသလို မည်သည့်အကြောင်းတရားက ထိုသို့ဖြစ်စေမှန်းလည်း မသိကြ။ သွေးချီများက ကောင်းကင်သို့ တစ်ဟုန်ထိုး ပြေးတက်သွားသည်။ ပထမအကြည့်တစ်ချက်နှင့်ပင် ၎င်းသည် ဝတ္ထုတစ်ပုဒ်၏ ကိုင်တွယ်ရခက်ခဲသော ဇာတ်ကောင်နှင့် ကွက်တိတူပေသည်။ သို့သော် ထိုလူနှစ်ယောက်တွင် တစ်ယောက်က ကောင်းကင်ကို လျှပ်စီးကြောင်းက ခွဲပစ်လိုက်ချိန်မှာတောင် မျက်တောင်မခတ်ပေ။ ကျန်တစ်ယောက်က မိစ္ဆာဝိဉာဉ်များကို တားဆီးကာကွယ်ပြီး နှိမ်နှင်းနိုင်လောက်သည်အထိ ယန်စွမ်းအင်က ပြင်းထန်သည်။ တစ်ယောက်ချင်းစီက ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသူများသာ။ ထို့ကြောင့် အစပိုင်းတွင် မည်သူကမျှ အရေးကြီးမကြီး ထည့်တွက်မနေကြပေ။ သနားစရာကောင်းသည်က သူတို့တိုက်ခိုက်စွမ်းရည် မည်မျှပင် ရွပ်ရွပ်ချွံချွံ ဖြစ်နေပါစေ သူတို့ကြားရှိ သဘောထားကွဲလွဲမှုကို မဖြေရှင်းနိုင်ချေ---ရှန်လင်းယွမ်၏ အေးအေးမှန်မှန် မြောင်းသွယ်ပေးထားမှုအောက်တွင် အအေးဓာတ်နှင့် အနက်ရောင်မီးတောက်များက ဓားရှည်တစ်လျှောက် လောဘတကြီး တလိပ်လိပ်တက်သွားပြီး ရွှမ်ကျီတစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ ထိုအချိန်တွင် အဖြူရောင်အရိုးလက်သည်းများကြားမှ ဆန့်ထွက်လာသော တွင်းနက်ကြီးက အားကောင်းသော ဆွဲငင်အားကို ထုတ်လွှတ်လိုက်ပြီး မုတ်ဆိတ်မွှေးနှင့်လူ၊ ရွှမ်ကျီနှင့် ဓားထဲတွင် ပိတ်မိနေသော ရှန်လင်းယွမ်တို့အားလုံးကို စုပ်ယူသွားလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now