အခန်း ၂၂

619 152 14
                                    

[Unicode]

"ခေါင်းတလားကို ဖွင့်တယ်...ဟုတ်လား။ ဘယ်သူ့အခေါင်းကို ပြောတာလဲ"

ရွှမ်ကျီ ထိတ်လန့်သွားသည်။

"ဒီအခေါင်းထဲမှာ တစ်ယောက်ယောက်ရှိနေခဲ့တာလား။ ဘယ်သူလဲ"

ရှန်လင်းယွမ်က ရုတ်တရက် သူ့ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးများက နဂိုထက်ပို၍ ကြက်သွေးရောင်သန်းနေကြသည်။ ရွှမ်ကျီက သူ့အကြည့်အတိုင်း လိုက်ကြည့်သော်လည်း မည်သူ့ကိုမျှမတွေ့ချေ။ ထို့နောက် ရေတဗွမ်းဗွမ်းမြည်သံများ ကြားရပြီး ချက်ချင်းတုန်တက်သွားသည်---ခေါင်းတလားဘေးရှိ မုတ်ဆိတ်မွှေးနှင့်လူသည် ပျောက်သွားပြီဖြစ်၏။

တစ်ယောက်က ခေါင်းတလားထဲတွင် ပိတ်မိနေပြီး မထနိုင်ဖြစ်နေကာ ကျန်တစ်ယောက်၏ စိတ်ဝိဉာဉ်က ခန္ဓာကိုယ်မှ ထွက်သွားစဉ်တွင် ယခုလေးတင် နိုးလာသည်လော သို့မဟုတ် တစ်ချိန်လုံး မေ့လဲချင်ယောင်ဆောင်နေသည်လော မသေချာသည့် မုတ်ဆိတ်မွှေးနှင့်လူသည် အခွင့်ကောင်းယူကာ ဗွက်အိုင်ထဲသို့ ခုန်ချသွားသည်။ ယခုအခါတွင် သူသည် စိတ်ချနိုင်သော ဦးတည်ဖက်သို့ အကောင်းဆုံးကြိုးစားကူးခတ်သွားသည်။ ရွှမ်ကျီသည် အသံလာရာသို့ ကြည့်လိုက်ပြီး ကျောက်ဂူနံရံတွင် လူတစ်ယောက် ဖြတ်သန်းသွားနိုင်သည့် ဂူပေါက်တစ်ခုကို တွေ့လိုက်ရသည်။ မူလက ရေမျက်နှာပြင်သည် မြင့်တက်နေသောကြောင့် ဖုံးအုပ်နေသလိုဖြစ်ပြီး ယခုမှ ထွက်ပေါ်လာခြင်းဖြစ်၏။

မုတ်ဆိတ်မွှေးနှင့်လူသည် ထိုနေရာရှိ ထွက်ပေါက်ကို တစ်လျှောက်လုံး သိနေခဲ့ပုံပေါ်သည်။ သူ၏ ခွေးကဲ့သို့သောပုံစံသည်လည်း အတော်လေး စည်းစနစ်တကျဖြစ်သည်။ အနှီလူသည် သေချာပေါက် ယခင်က ဤနေရာကို ရောက်ခဲ့ဖူး၏။

အင်္ကျီကြယ်သီးတပ်ရန်ပင် အားမရှိသော ရှန်လင်းယွမ်လက်သည် ရုတ်တရက် လေထုအလယ်ရှိ လေကို ဖမ်းဆုပ်လိုက်သည်။ လက်ဖမိုးပေါ်ရှိ အပြာရောင်သွေးကြောများက ပေါ်လာခဲ့သည်။ မုတ်ဆိတ်မွှေးနှင့်လူက ရုတ်တရက် စုပ်ထုတ်ခံလိုက်ရပြီး ရေထဲမှ ပျံထွက်လာခဲ့ကာ မြေပြင်ပေါ်သို့ ခေါင်းနှင့်အရင် ကျွမ်းပြန်ကျသွားခဲ့သည်။ ကြေးညိုရောင်ခေါင်းတလားဘေးရှိ ကျောက်သားစင်မြင့်နှင့် ဆောင့်မိလုနီးပါးပင်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now