အတွဲ (၄) | ကျေးကျွန် : အခန်း ၆၄

1K 172 24
                                    

[Unicode]

လွတ်လပ်မှုဟူသည် နှင်ထုတ်ခံရခြင်း၏ အစပျိုးရာ၊ နာကျင်မှုတို့၏ အကြောင်းရင်းပေတည်း။— ရေးထိုးထားသောစာ

------------

ဖော်ပြ၍မရသော ပူဆွေးမှုနှင့် အထီးကျန်ဆန်မှုတို့ကြားတွင် ပိတ်မိနေစဉ် ရွှမ်းကျီးတစ်ယောက် အထူးကြပ်မတ်ရေးဆောင်၏ မျက်နှာကြက်ကို ငေးကြောင်ကြောင် စိုက်ကြည့်နေလေသည်။ အချိန်သည်ကား ညမိုးချုပ်နေပြီဖြစ်ပြီး အတွင်းလူနာဆောင်ရှိ မီးများကို ပိတ်ထားပြီဖြစ်ကာ ပတ်ပတ်လည်ဧရိယာသည် ပကတိတိတ်ဆိတ်လို့နေ၏။

ပိန်းပိတ်အောင်မှောင်မည်းသော အမှောင်ထုထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတော့ နိုးလာပြီလား

အသံသည် အလွန်တုန်လှုပ်စရာကောင်းသောကြောင့် ရွှမ်းကျီးခမျာ နေရာမှာတင် အထက်ဘုံသို့ တက်သွားရလုနီးပါး ဖြစ်သွားရသည်။ သူ၏ ကြောက်ရွံ့နေပြီး ဟိုရောက်သည်ရောက်ဖြစ်နေသော စိတ်ဝိဉာဉ်ကို ထိတ်ထိတ်ပျာပျာ ပြန်လည်စုစည်းလိုက်မှသာ ပြတင်းပေါက်ဘေးရှိ အမည်းရောင်ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုပုံရိပ်မှာ စိတ်အာရုံချောက်ချားမှုကြောင့် ခွဲခြား၍မရသည့် သူ့အိပ်မက်များထဲရှိ အမျိုးသားဖြစ်နေလေ၏။

စကားတစ်ခွန်းမဆိုဘဲ တဒုတ်ဒုတ်ခုန်နေသော သူ့နှလုံးသားကို ချိုးနှိမ်ရန်အတွက် ရင်ဘတ်ကို ဖိထားလိုက်သည်။ သူ့ရင်ဘတ်သည် မွန်းကျပ်မှုဒဏ်ကြောင့် နာကျင်လို့နေသည်။

အလုပ်သမားတွေက စိတ်ဒဏ်ရာကြောင့်ရော အာမခံလျော်ကြေး ရနိုင်လောက်လား…

ထူးခြားစွမ်းရည်ပိုင်ရှင်များကို ကုသပေးသော ဆေးရုံရှိ အခန်းတိုင်းသည် တစ်ယောက်အခန်းများ ဖြစ်ကြပြီး မြောက်ဘက်ကို ကျောပေးထားပြီး တောင်ဘက်ကို မျက်နှာမူထားသည့် အခန်းဖွဲ့စည်းပုံရှိသည်။ ထူထဲသော ခန်းဆီးလိုက်ကာများကို တစ်ဝက်ဟထားပြီး အလယ်တွင် လိုက်ကာအစပါးပါးလေး ရှိနေလေသည်။ လရောင်နှင့် ကြယ်ရောင်များသည် လမ်းမီးရောင်များနှင့် ရောထွေးလို့နေပြီး အခန်းထဲသို့ ဝင်နိုင်သမျှ အပေါက်တိုင်းမှ ဝင်ရောက်နေသည်။ သို့သော် အလင်းရောင်အားလုံးသည် ပြတင်းပေါက်ဘေးရှိ လူကို ရှောင်ရှားသွားပြီး သူ့ပေါ်သို့ အလင်းစိုးစဉ်းမျှ ဖြာမကျရဲပေ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now