အခန်း - ၁၈

Start from the beginning
                                    

ဘော်ဒီဂတ်လို့ ပြောကြတာလဲ မလွန်။ ခရီးသွားဖို့သာ ထွက်လာတယ်။ သူ့ပုံစံက ဝတ်နေကျအတိုင်း ဂျာကင်တစ်ထည်နဲ့ ဂျင်းဘောင်းဘီသာ ဖြစ်ပြီး အရင်ထက် သာတာဆိုလို့ နေကာ မျက်မှန် တပ်ပြီး ကုပ်ထောက် ဆံပင်တွေ နောက်လှန် ဖြီးထားခြင်းပါပဲ။

အဝတ်အစားကို နှစ်ယောက်စာ ပေါင်းထည့်လာတာမို့ Luggage က တစ်လုံးတည်း ဖြစ်နေပြီး ယောက်ျားလေး နှစ်ယောက်မို့ ထွေလီကာလီ သယ်စရာ မရှိ။ သို့ပေမဲ့...

"ကိုကိုရယ် နေရာသစ်မှာ အိပ်မပျော်ရင် ကိုကို့ ဂီတာသံလေး နားထောင်ရရင် သိပ်ကောင်းမှာပဲ"

ဆိုတဲ့ စကားလေးကြောင့် ဂီတာ ကောက်လွယ်ရတဲ့ အပြင် Luggage ရဲ့ လက်ကိုင် နေရာမှာ တကြွတ်ကြွတ် အသံမြည်တဲ့ ဘာမှန်း မသိတဲ့ မုန့်ထုတ်ကို ချိတ်ဆွဲထားတာမို့ သူ့အဖြစ်က မင်းသားလေးရဲ့ အထိန်းတော် ဒီဇိုင်း ပေါက်နေတယ်။

"ဘယ်လို ကြည့်ကြည့်၊ ညီအစ်ကိုတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး သိလား"

"အေးလေ၊ တစ်ယောက်တစ်မျိုး ကြည့်ကောင်းတာ မှန်ပေမဲ့ ညီအစ်ကိုဆိုက်၊ သူငယ်ချင်းဆိုက်မှ မဟုတ်တာ"

ထင်ရာ မြင်ရာ ပြောနေကြမှုကို နားမခံနိုင် ဖြစ်လာတဲ့အခါ Luggage ကို တစ်ဖက်က ဆွဲလျက် ကျန်လက်တစ်ဖက်နဲ့ ချာတိတ် ခါးလေးကို တင်းတင်းကျပ်ကျပ် ဖက်ပြီး လေဆိပ်ထဲက ထွက်လာမှ ပတ်တောပိတ် ဆိုသလို အနောက်က အသံလေးတွေ တိတ်ပါတယ်။

သူ ဘာတွေ ဖြစ်နေလဲ မသိတဲ့ ချာတိတ်က သွားဖက်လိုက်တဲ့ သူ့လက်ကို အပေါ်က ထပ်အုပ်ကိုင်ပြီး ပျော်ရွှင် မြူးတူးစွာ စကားတွေ ပြောတာ မရပ်မနား။

လမ်းအတူ လျှောက်နေရင်း တစ်ချက်တစ်ချက် သူ့လက်မောင်းပေါ် ပါးမှီအပ်လိုက်၊ သူ့မျက်နှာကို မော့ကြည့်လိုက်၊ သူ့လက်မောင်းကို ဆွဲခါလိုက်နဲ့ ကလေးတစ်ယောက်လို အလုပ်ရှုပ်နေခဲ့ပါတယ်။

ဖြတ်သွား ဖြတ်လာတွေက ချစ်စဖွယ်လေးကို သမင်လည်ပြန် ကြည့်ကြတိုင်း သူ့ကိုယ်လုံးကြီးနဲ့ မသိမသာရော၊ သိသိသာသာပါ ကွယ်ပစ်ရတဲ့ အဖြစ်က ကြာတော့ အမောဖောက်ချင်လာတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now