အခန်း- ၆

56.4K 5K 1.6K
                                    

UNICODE

တက္ကစီပေါ်က ဆင်းလိုက်ရင်ပဲ ညနေ ၅ နာရီအတိ။ ဒီအချိန် ကိုကို ပြန်မရောက်နိုင်သေးတာမို့ စိတ်ကို ဒုန်းဒုန်းချပြီး ညနေခင်း ဈေးတန်းလေးဘက် ခပ်သုတ်သုတ် လျှောက်လာမိတယ်။

ထွေလီကာလီ သိပ်မစားတတ်တဲ့ ကိုကိုက ညလယ်ခေါင်ထိ မအိပ်သေးတဲ့ အခါတိုင်း ရရ ခွဲထည့်ထားတဲ့ ရေခဲသေတ္တာထဲက သစ်သီးဘူးလေးဆီ ရောက်လာတတ်တာမို့ အသီးအနှံမပြတ် ဝယ်ထားဖို့က ရရ တာဝန်ပါ။

ထုတ်မပြောပေမဲ့ ပန်းသစ်တော်နဲ့ နဂါးမောက်သီးကို ကိုကို နှစ်သက်မှန်းကော၊ အသီးအရွက်ကြော်ကို နှစ်ခြိုက်စွာ သုံးဆောင်တတ်မှန်းပါ ရရ သိပါတယ်။

အသားဟင်းကို မနက်ခင်းမှာသာ ချက်ဖြစ်ပေမဲ့ အရည်သောက်နဲ့ အရွက်ကြော်ကတော့ ကိုကို စားခါနီးမှ ပူပူလောလောလေး ချက်ပေးဖြစ်တာမျိုး။ အချိန်သိပ်မရဘူး ဆိုပေမဲ့ အိမ်မှာ ကုန်သလောက် ဖြစ်နေတဲ့ အသီးကော၊ အရွက်ပါ ဝယ်ဖို့ ခပ်မြန်မြန် အစီအစဉ် ချလိုက်မိတယ်။

"ပန်းသစ်တော်နဲ့ နဂါးမောက်သီးက ဘယ်လောက်လဲဗျ"

"ပန်းသစ်တော်က နှစ်ထောင်၊ နဂါးမောက်က တစ်ထောင် မောင်လေး"

"သုံးလုံးစီ ထည့်ပေးပါနော်"

"ကြက်မောက်သီး သုံးလုံး အပိုထည့်ပေးလိုက်မယ်နော်"

"ကျေးဇူးပါ ခင်ဗျာ"

နှစ်လိုစွာ ရယ်ပြလိုက်တော့ ဆိုင်ရှင်အစ်မကြီးက ငေးခနဲ။ ရုတ်တရက် စကား ဆက်မပြောဘဲ ငူငူကြီး အကြည့်ခံနေရတာမို့ မနေတတ် မထိုင်တတ် ဖြစ်လာမှ သတိဝင်လာဟန် ဟဲခနဲ ရယ်ပြတယ်။

"သွားတက်ကလေးနဲ့ ချစ်စရာလေးတော်၊ အမယ်လေး... ဖိညှစ်ချင်စရာလေး"

ရိုးရိုးပြောတာ မဟုတ်။ ကြက်သီးထဟန် လုပ်ပြပြီး လက်ကြီးနှစ်ဖက် ရှေ့ထွက်လာပုံက ရရကို တကယ်ပဲ ဖိညှစ်တော့မဲ့ဟန်။ ပြုံးတုံ့တုံ့နဲ့ ဘာပြန်ဖြေရမှန်း မသိခင်...

"သုံးလုံး မဟုတ်ဘူးနော်၊ အပို ငါးလုံး ထည့်ပေးလိုက်ပြီ သိလား"

"အာ... မဟုတ်တာ၊ မလုပ်ပါနဲ့ဗျ"

"ချစ်လို့ ပေးတာပါ မောင်လေးရယ်၊ ကျောင်းသွား ကျောင်းပြန်လေး မြင်နေကတည်းက ချစ်လို့ ကြည့်နေမိတာ၊ ဒီနေ့ အစ်မဆိုင်မှာ လာဝယ်လို့ ပျော်သွားတာလဲ ပါတာပေါ့"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now