အခန်း - ၁၂

54.5K 4.8K 1.5K
                                    

UNICODE

ကျောင်းပိတ်ရက်မို့ အိမ်ကပ်ရတဲ့ ရက်များပါပဲ။ ဒီရက်တွေအတွင်း ကိုကိုက ဂရုစိုက်ပေးပြီး ကျောင်းပို့ ကျောင်းကြိုပါ တာဝန်ယူပေးတာမို့ ကိုကို့အပေါ် မှီခိုချင်လာတယ်။ ကိုကို့ အကြင်နာကို တိတ်တခိုး မျှော်လင့်ခဲ့ရာက ပိုင်ဆိုင်ချင်မိတဲ့အထိ အကျင့်ပျက်လာတာလဲ ရရပါပဲ။

ခြေထောက်အနာက ကိုကို့ကြောင့်ပဲ သက်သာခဲ့သလို၊ အေးစက်နေခဲ့တဲ့ ဆက်ဆံရေးက ဒီရက်ပိုင်းမှာ ရင်ဖိုဖွယ် ကူးပြောင်းလာတယ်။ ရရ ဒဏ်ရာကြောင့်များ ကိုကို ပြောင်းလဲသွားတာလား။ မဟုတ်မှ ရရကိုများ သံယောဇဉ် ရှိလာလို့လား။

အတွေးက ထိုနေရာ ရောက်တိုင်း ပြုံးတုံ့တုံ့ ဖြစ်မိတာ ရပ်မရ။

ကျောင်းတက်၊ ကျောင်းဆင်း ကိုကို့ဘေးမှာ ရှိရခြင်းကို နှစ်ခြိုက်မိသလို ကားမောင်းနေသူကို ခိုးငေးလျက် ကိုကို့လက်ဖဝါးတွေကြား မျက်နှာအပ်ချင်တာလဲ မကြာခဏပါပဲ။ ဖြစ်နိုင်ရင် ကိုကို့ ဆံစက စလို့ ခြေဖျားတွေအထိ အနွေးဓာတ်တွေ ဖြန့်ကျက် ကိုကို နွေးဖို့ ပွေ့ဖက်ချင်ပါတယ်။

ခြောက်သွေ့နေပြီ ဖြစ်တဲ့ ကိုကို့ အဝတ်တွေ လိုက်ရုတ်ပြီး မီးပူတိုက်မဲ့ ခြင်းတောင်းထဲ ခေါက်ထည့်ထားမိတယ်။ ကျောင်းပိတ်ရက် ရောက်တိုင်း မေမေနဲ့ မမကြီးဆီ ဖုန်းဆက်ဖြစ်ပြီး သားမိတတွေ အလွမ်းဖြေကြ၊ ဝေးတမြေကနေ ပွေ့ဖက်ကြပါတယ်။ ဖေဖေ့အသံလဲ ကြားချင်ပေမဲ့ ဒီတစ်ခေါက်မှာ အတော်လေး စိတ်ဆိုးသွားပုံရတဲ့ ဖေဖေက ရရနဲ့ အခုထိ ဖုန်းမပြောသေး။

မေမေနဲ့ မမကြီးကတော့ ရရ ဘက်တော်သားမို့ ရရ ဘာလုပ်လုပ်၊ ဘာကို ရွေးချယ်ရွေးချယ် အထိခိုက်ကင်းရင် ရပါပြီ ဆိုတဲ့ လူမျိုးတွေပါပဲ။ ဖုန်းဆက်ကြတိုင်း "မေမေတို့ဆီ ဘယ်တော့ ပြန်လာမလဲ" လို့ မေးရမဲ့အစား "သားငယ်လေး အဆင်ပြေရင် ရပါပြီ" တဲ့လေ။

ဒီနေ့လဲ မေမေတို့နဲ့ အကြာကြီး ဖုန်းပြောလိုက်ရတာမို့ စိတ်ထဲ အတော်လေး နေလို့ ကောင်းနေတာ အမှန်။ သီချင်းလေး တအေးအေးနဲ့ လိုက်ကာတွေ ဖြုတ်လဲ၊ ခြံထဲက လတ်ဆတ်တဲ့ ပန်းတွေ ဆင်းခူးပြီး ဘုရားပန်းအိုးက စလို့ အလှပန်းအိုးတွေထိ လဲလှယ်ပြီးတော့ လူက မောစပြုနေပြီ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now