အခန်း - ၁၈

49.3K 4.5K 1.7K
                                    

UNICODE

"Hello Chiang Mai"

မြူးတူးသံလေး အဆုံးမှာ အဖြူရောင် ဦးထုတ် အဝိုင်းလေးကို ဆွဲချွတ်လိုက်တော့ လွင့်ခနဲ ဝဲလာတဲ့ ဆံသားလေးတွေ။ အဝါရောင် Oversized Rugby Sweatshirt ရဲ့ ရှေ့ဘက်ကို ဘောင်းဘီ ခါးထဲ ထည့်ဝတ်ထားပြီး အဖြူစွတ်စွတ် ဂျင်းဘောင်းဘီကို ခြေမျက်စိ အထက်နား ရောက်အောင် ခေါက်တင်ထားတာမို့ ခြေကျင်းဝတ် ဖြူဖြူလေးကို မြင်နေရတယ်။

အဝါရောင် Walking Shoes နဲ့ အဖြူရောင် Oversized Tote Bag တစ်လုံး လွယ်ထားတာမို့ ဘာပုံစံလေး ဖြစ်နေမှန်း မသိ။ တစ်ကိုယ်လုံးကို ခြုံကြည့်မယ်ဆို အဖြူနဲ့ အဝါနှစ်မျိုးသာ တွေ့ရမှာ ဖြစ်ပြီး ဆင်ယင်ထားမှုနဲ့ တင့်တယ်နေရုံမက မျက်နှာလေးက ဝင်းမွတ်တောက်ပနေတယ်။

နှုတ်ခမ်းလေးက ဆေးမကူတာ သိပါလျက် တစ်ချိန်လုံး ရဲစွေးနေတာ အံ့ဩစရာ။ ငေးစိုက်မိချိန်တိုင်း လက်နဲ့ဖြစ်ဖြစ် ပွတ်သပ်ကြည့်ချင်ခဲ့တာ။ ဘယ်လောက်တောင် နူးညံ့နေမှာလဲလို့ တွေးမိတိုင်း ရေငတ်လာတတ်တာ ဘာကြောင့်မှန်း မသိ။

ပျော်ရွှင်မှုကို မဖုံးဖိတတ်တဲ့ ကလေးလေးက အလိုလိုက်ချင်စရာလေး ဖြစ်နေပြီး လမ်းမှာ တွေ့သမျှ၊ လေယာဉ်ပေါ်မှာ ဆုံခဲ့သမျှ၊ ခရီးသွားဟန်လွဲ မျက်လုံးချင်း ခလုတ် တိုက်မိသမျှ လူတိုင်းကို လိုက်ရယ်ပြပုံက ချစ်စဖွယ်။

မိန်းမငယ်လေး တချို့က တီးတိုးပြောကြတယ်။

"ချောလိုက်တာဟယ်၊ ဘယ်နိုင်ငံက Idol လေးလဲ မသိဘူး" တဲ့။

ဒီလိုအသံတွေ ကြားတိုင်း လူချောလေးအတွက် ဝမ်းမြောက်ရပေမဲ့ ဆက်ပြောကြတဲ့ စကားတွေ ကြားရင် မျက်နှာကို ရေနွေးပူနဲ့ ပက်ခံရသလို ပူစပ်ပူလောင် ဖြစ်သွားရမြဲ။

"အနောက်က ဘဲကြီးက ဘော်ဒီဂတ် ဖြစ်လိမ့်မယ်၊ ခရီးဆောင် အိတ်တွေလဲ သူ တစ်ယောက်တည်း သယ်ထားပြီး ကလေးကိုလဲ အရိပ်တကြည့်ကြည့်လေ"

"တကယ်သာ Idol လေး ဆိုရင် သူ့ဘော်ဒီဂတ်ပါ နာမည်ကြီးမှာ သိလား၊ ဘဲကြီးက သိပ်အထာကျတာပဲနော်"

Check In, Check Out လုပ်တဲ့ အချိန်တွေမှာ ကြားနေရတဲ့ အသံတွေ။

ပြောနေကြတဲ့ မိန်းကလေးတွေက သူတို့နဲ့ လေယာဉ်တစ်စီးတည်း ဖြစ်ပြီး မျက်လုံးချင်း အဆုံမှာ ချာတိတ်က ရယ်ပြလိုက်တာမို့ ပိုသတိထားမိသွားကြဟန်။ လူပေါက်စက ရယ်ပြပြီးတာနဲ့ သူ့အလုပ် ပြီးသွားပြီ ဖြစ်ပေမဲ့ နားပါးလွန်းတဲ့ သူ့အဖြစ်က ဆက်တိုက် ကြားနေရတာမို့ မသက်သာ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now