အခန်း- ၂

59.8K 5.1K 1.1K
                                    

UNICODE

"မင်း ဒီနေ့ ကျောင်းမတက်ဘူးလား"

"တက်မှာပါ ကိုကို"

"တစ်ခါတည်း ပို့ပေးခဲ့မယ်"

ကိုကို စိတ်ကောင်းဝင်လို့ လမ်းကြုံ ပို့ပေးခဲ့တိုင်း ရရ ပျော်ခဲ့ပေမဲ့ အခုတစ်ကြိမ်မှာ ဘာပြန်ဖြေရမှန်း မသိ။ ထမင်းစားပွဲက ထနေပြီ ဖြစ်တဲ့ ကိုကိုက မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်တယ်။

"ပြောလိုက်တာကို မကြားတာလား"

"ကြားပါတယ် ကိုကို"

"ဒါဆို မင်း အမူအရာက ဘာလဲ၊ ငါ့ကို ပြောစရာ ရှိသလား"

"အဲ့ဒါကလေ ဟို... ဟို"

ထုံးစံအတိုင်း လည်တိုင်ကို ဖိပွတ်လိုက်တော့ ကိုကို့မျက်ဝန်းတွေ မှေးကျဉ်းသွားတယ်။ ရရ တစ်ကိုယ်လုံးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပုံကြောင့် အသည်းထဲထိ စိမ့်ခနဲ။ ဘာပြောတော့မယ် ဆိုတာ ကိုကို ရိပ်မိသွားလို့ ဖြစ်မှာ။

"ပြောစရာရှိရင် ဝေ့ဝိုက်မနေဘဲ ပြောလိုက်၊ တစ်ခုတော့ ရှိတယ်၊ ငါ မနှစ်မြို့တာမျိုးတော့ မတောင်းဆိုမိစေနဲ့ပေါ့"

အဆုံးသတ် ကိုကို့စကားကြောင့် လည်ချောင်းဝဆီ ဆန်တက်လာတဲ့ စကားလုံးတွေက မြုပ်ချည်ပေါ်ချည်။ မပြောဘဲ ထားလို့ဖြင့် ရမယ် မထင်။ အခုပဲ ကိုကိုက သင်္ကာမကင်း ဖြစ်နေပြီ မဟုတ်ပါလား။ ဆက်ပြီး ရေငုံနှုတ်ပိတ်နေရင် ကိုကို စိတ်ဆိုးတော့မှာ။

"မေမေတို့ ပြန်ရောက်နေတယ် ကိုကို"

"အဲ့ဒီတော့..."

"ခဏလောက် သွားတွေ့ချင်လို့ပါ"

"ဘာကွ"

ဒေါသသံကြောင့် ဆတ်ခနဲ တုန်သွားပြီး လက်ဖျားခြေဖျားတွေ အေးစက်လာတယ်။ ကိုကို့ကို အထူးတလည် ကြောက်ရွံ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေမဲ့ အိမ်နဲ့ ပတ်သက်ပြီး ရရဆီက တစ်စွန်းတစ်စ ထွက်လာလို့ ကိုကို အော်ပစ်တိုင်း ရရ ကြောက်ပါတယ်။

"မင်းမှာ အမှတ်သည်းခြေ မရှိဘူးလား၊ အဲ့မိသားစုနဲ့ မပတ်သက်ရဘူးလို့ ဘယ်လောက်ထိ ပြောမှ မင်း နားလည်မှာလဲ၊ အခုချိန်ထိ မင်းကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး ဆိုပေမဲ့ မင်းရဲ့ အသက်နဲ့ ခန္ဓာကို အဇဋာ ဆိုတဲ့ ငါ ပိုင်ကြောင်း မင်း မေ့နေရင် မင်းကိုယ်တိုင် ချရေးထားတဲ့ သဘောတူစာချုပ်ထဲက အချက်အလက်တွေကို သွားပြန်ဖတ်လိုက်"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now