အခန်း - ၁၇

Start from the beginning
                                    

နေ့ခင်းကြောင်တောင် ဖြစ်တဲ့အပြင် ရရကလဲ ယောက်ျားတစ်ယောက်မို့ ဘယ်နည်းနဲ့မှ ကြောက်စရာ မရှိဘူးလို့ တွေးလိုက်ပေမဲ့ ပတ်ဝန်းကျင်မှာ အကူအညီ တောင်းစရာ မရှိတာမို့ လက်ဖျား ခြေဖျားတွေ အေးစက်လာတယ်။ ထိုသူ့ဆီက ရနေတဲ့ စိမ်းရွှေရွှေ အနံ့အသက်တစ်မျိုးက ကျောချမ်းဖွယ် မသတီစရာ ကောင်းလှပါတယ်။

ရှောင်ရမယ် ဆိုတဲ့ အသိနဲ့ ခြေလှမ်းတွေကို စတင်လိုက်ချိန်မှာ ထပ်ကြပ်မကွာ ပါလာမှန်း သိလိုက်တယ်။ အကူအညီ ရဖို့ဆို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအနား အပြေးသွားဖို့ လိုကြောင်း နားလည်လာတယ်။ စကားတစ်လုံးမှ မပြောတဲ့ ထိုလူက သံပရာရည်ဘူး ကိုင်ထားတဲ့ ရရ လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်တာမို့...

"မထိနဲ့"

အားကုန် ကုန်းအော်လိုက်ပေမဲ့ ထိုသူ့မျက်လုံးက ရရ အအေးဘူးဆီက မခွာ။ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်တင်လိုက်ပြီး ထိုအအေးဘူး ရဖို့သာ တာဆူနေသလို။ အပြေးတစ်ပိုင်း ထွက်လာမိတဲ့အခါ အနောက်ကနေ ထပ်ကြပ်မကွာ ပြေးလိုက်လာပြီး အသံနက်ကြီးနဲ့...

"သူ ခိုး"

"ဟင်"

နေရင်းထိုင်ရင်း သူခိုး စွပ်စွဲခံလိုက်ရတာမို့ လူက တောင့်ခနဲ။

"ငါ့ဘူး ပြန်ပေး"

"သူ့ဘူးလဲ မဟုတ်ဘဲနဲ့"

"ပေးနော်... ပေး"

"မပေးပါဘူး၊ မပေးဘူး"

"အဲ့တာ ပေးစမ်း"

"ကိုကို့ အတွက်လို့"

လှည့်အော်ရင်း၊ ပြေးရင်း၊ ခလုတ်တိုက်ရင်း မှောက်လဲမလို ဖြစ်တာ မကြာခဏ။ ရှေ့နားမှာ လုပ်သားတွေ အသံ ကြားနေရပြီမို့ အားသွန်ခွန်စိုက် ပြေးလိုက်ပေမဲ့ ထိုသူကလဲ မကျန်ရစ်ခဲ့။ ရရ ဘေးကနေ ယှဉ်တွဲ ပြေးနေရင်း သူ့အကြည့်က အအေးဘူးဆီက မခွာ။

"မပေးဘဲ ဆက်ပြေးနေရင် လည်ပင်း ညှစ်သတ်မှာနော်"

အတန်ကြာ ပြေးလိုက်ရတာကို ဒေါသထွက်လာဟန် ကြိမ်းမောင်းသံ အက်အက်ကြီး ကြားလိုက်ချိန်မှာ လူတစ်ကိုယ်လုံး ပျော့ခွေသွားမတတ်။ အအေးဘူးကို ရင်ဝယ် ပိုက်ပစ်လိုက်တဲ့အခါ ထိုသူက ရရ အနား ကမူးရူးထိုး ကပ်ပြီး လက်ဆန့်တန်းလာတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now