Ep-37,38

1.1K 159 4
                                    

အပိုင်း(၃၇)မိန်းမများ
....

ရွေ့ဝမ်ဖေး၏ ဇီးပန်းပွင့်တောအုပ်သည် ကျင်းမြို့တော်တွင် အလှပဆုံးတစ်ခု မဟုတ်သော်ငြား အကျော်ကြားဆုံးတောအုပ်တစ်ခုဖြစ်၏။အဘယ်ကြောင့်ဆိုသော် ဇီးပန်းပင်တို့ကို ဧကရာဇ်ကိုယ်တိုင် လက်ဆောင်ပေးထားခြင်းကြောင့် ဖြစ်သည်။ရွေ့မင်းသား နန်းတော်မှထွက်သွားပြီး ကိုယ်ပိုင်စံအိမ်တော်တည်ထောင်ချိန်တွင် သူကဇီးပန်းပွင့်များနှစ်သက်သည်ဟုပြောခဲ့၏။ထို့ကြောင့် ဧကရာဇ်က တော်ဝင်အမိန့်စာထုတ်လိုက်ကာ အလုပ်သမားဌာနကို ဇီးပန်းပင်များ စိုက်ပျိုးစေခဲ့သည်။

ထို့ကြောင့် လူတိုင်းက ရွေ့မင်းသားစံအိမ်တော်၏ ဇီးပန်းပွင့်များသည် မလှပပါဟု မပြောရဲကြပါချေ။ပညာရှင်များနှင့်ကဗျာဆရာများ ကဗျာစပ်ဆိုရန်နှင့် ပန်းချီဆွဲရန်အတွက် နှစ်သက်ကြသော မြို့ဆင်ခြေဖုံးနေရာများရှိတောင်တစ်လုံးတွင် ဇီးပန်းပွင့်များက ပြည့်လျှမ်းနေ၏။သို့သော်လည်း မည်သူကမှ ထိုတောင်ပေါ်ရှိ ဇီးပန်းပွင့်တောအုပ်သည် အလှဆုံးပါဟု ဖွင့်ဟမပြောကြပါချေ။

ရွေ့မင်းသားစံအိမ်တော်၏အကျယ်အဝန်းသည် ဟယ့်ဟန်၏စံအိမ်တော်နှင့် အတူတူပင်ဖြစ်သည်။အပြင်အဆင်များက တူညီသော်လည်း ပုံစံနှင့်ပန်းချီပညာအသေးစိတ်တို့ကတော့ လုံးဝကွာခြား၏။အကယ်၍ ချီချင်းရီသာ ဤစံအိမ်တော်ကို နာမည်တပ်ရမည်ဆိုလျှင် ခမ်းနားထည်ဝါသည်ဟု ပြောနိုင်သည်။

ရှည်လျားသော စင်္ကြံလမ်းများ၊ပန်းနှင့်မြက်တို့ ခြံရံထားသောတောင်အတုများ အရာအားလုံးက စည်းစိမ်အပြည့်ဖြစ်ကြောင်း မီးမောင်းထိုးပြနေ၏။ ချီချင်းရီ မတတ်သာစွာပဲဝန်ခံရမည်။ဟယ့်ဟန်က ခြိုးခြံချွေတာတတ်သော သားကောင်းတစ်ယောက်ဖြစ်သော်လည်း ရွေ့မင်းသားသည်တော့ အလွန်ကြွားဝါးတတ်သူဖြစ်သည်။ဤကဲ့သို့ အပြင်အဆင်ကြောင့် သူတို့၏သခင်ဖြစ်သူမှာ ဧကရာဇ်အလေးပေးခံရသည့်သူဖြစ်မှန်း လူအများမသိရှိမည်ကို ​စိုးရိမ်နေသည်နှင့်တူ၏။

လူတစ်ယောက်၏အကြိုက်ကိုသိချင်လျှင် ထိုလူနေထိုင်သော နေရာမှသိနိုင်သည်ဟု အဆိုရှိ၏။ဤသည်က သေချာပေါက်ကို ပိုက်ဆံရှိသောလူများအတွက် ဆိုလိုခြင်းဖြစ်သည်။ရွေ့မင်းသား၏ပုံစံကို ခမ်းနားကြီးကျယ်သည်ဟု ​ပြောလျှင် ဟယ့်ဟန်၏ပုံစံသည်ကား နိမ့်ချပြီး ဇိမ်ကျကျနေတတ်သည်ဟု ဆိုလိုနိုင်၏။ဤအချက်မှနေ၍ ညီအစ်ကိုနှစ်ယောက်၏ မတူညီသောအကျင့်စရိုက်တို့ကို တွေ့မြင်နိုင်သည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now