Ch-3

2.7K 278 13
                                    

Unicode

ဒုတိယကြင်ယာတော်က သာမန်ကြင်ယာတော်ပဲ
........

ဂါရဝပြုရန်ရောက်လာသောနန်းဆောင်ရမိဖုရားနှင့် ကြင်ယာတော်ငယ်တို့သည် မိဖုရားနန်းဆောင်အတွင်း၌ ပညာသားပါသော ရက်စက်သည့်အပြစ်ဒဏ်ပေးခြင်းနှင့် ကြုံရမည်လို့လုံးဝမထင်မှတ်ထားခဲ့ပေ။

သူမတို့ဝမ်ဖေးကို မသင်္ကာဖြစ်စွာကြည့်လိုက်ပြီး နာကျင်မှုကိုအလွန်အမင်းခံစားနေရသော်လည်း မျက်နှာတစ်ချက်မပျက်ရဲသည့် အစေခံတို့ကိုလည်းကြည့်လိုက်သည်။ ဤနေရာတွင် ဘာတွေများ ဖြစ်ပျက်သွားပါသနည်း။

ဝမ်ဖေးအခန်းထဲဝင်သွားသည်ကိုမြင်တော့ ကြင်ယာတော်လေးပါးသည် လေးစားမှုဟူသည်ဂရုမစိုက်တော့ဘဲ ဝမ်ဖေးနောက်သို့သာ လိုက်သွား၏။ ဒုတိယကြင်ယာတော်ဖုန်းတစ်ယောက်တည်းသာလျှင် သူမအခန်းထဲဝင်ခါနီးအချိန်၌ အစေခံတို့ကိုထွက်သွားရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း ရှိနေသောအစေခံတို့သည် တုပ်တုပ်မျှမလှုပ်ဘဲ ရပ်မြဲအတိုင်းရပ်နေ၏။ ဒုတိယကြင်ယာတော်ဖုန်း၏ မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး စကားတော့ဆက်မပြောခဲ့ပါ။

အရှေ့တွင်ယင်းလျိုနှင့်ကျင်ကျန်းက ခေါင်းငုံ့ထားလျက် ကြင်ယာတော်လေးပါးတို့ကိုဦးဆောင်ခေါ်သွားပြီး ခန်းဆီးစကို ပင့်မပေးသည်။ မဝေးတော့သည့်တစ်နေရာတွင် မုကျင်းနှင့်ယွီကျန်းက အစားအသောက်သေတ္တာပုံးများအား ကိုင်ဆောင်လာသည်ကို မြင်တွေ့နေရ၏။

ထို့ကြောင့် သူတို့ရပ်တန့်လိုက်ကာ ထိုအစေခံမိန်းကလေးနှစ်ယောက်နီးကပ်လာသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ထိုအစေခံမိန်းကလေးနှစ်ယောက်သည် ဖြစ်ပျက်သွားသည့်ကိစ္စကို ရှင်းရှင်းလင်းလင်းမသိခဲ့ရပေမယ့် နဂိုသာမန်ထက် ပိုမိုရိုသေကျိုးနွံသွားသော အစေခံတို့အား အံ့အားသင့်စွာ ကြည့်လိုက်ရင်း ကြင်ယာတော်လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်မိကြသည်။

အခန်းကသန့်ရှင်းထားပြီးသားဖြစ်ပြီး အသားနံ့တို့ကိုလည်း အမွှေးနံ့သာအိုးက ဖုံးလွှမ်းထားသည်။သို့သော်လည်းချီချင်းကျွီသည် အမွှေးနံ့သာကိုမနှစ်သက်သည့်အတွက် ကြိုးကြာနှင့်ရွှေရောင်သားရဲကောင်တို့ကို ပုံဖော်ထားသော အမွှေးအိုးကိုသာ မသက်မသာဖြင့်ကြည့်လိုက်၏။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now