Chapter-{5.1}

5.8K 844 20
                                    

Unicode

လူသတ်လိုက်ပြီ

၀မ်ချီက ထိုမိန်းကလေးကိုသေချာမသိပေ။
တကယ်တော့ သူက ဒီအရှေ့နန်းဆောင်မှာ ရော့ထောင်၊ရော့ဖန်းနဲ့ဖျင်အန်းကလွဲရင် တစ်ခေါက်သာဆုံဖူးသေးတဲ့အိမ်ရှေ့စံနဲ့သာ သိခြင်းဖြစ်သည်။
မူလကိုယ်မဟုတ်မှန်း သိသွားလို့မဖြစ်ဘူး....

၀မ်ချီကပေါ်သွားမှာကြောက်၍ အသက်တောင်မရှူနိုင်ဖြစ်နေသည်။
၀မ်ချီဘာမှပြန်မပြောခင် ထိုမိန်းကလေးကသူ့ဆီလျှောက်လာကာ သူမရဲ့ရွှန်းစိုနေတဲ့သမင်မျက်လုံးလေးတွေနဲ့ကြည့်ပြီး ဖော်ရွေတဲ့အပြုံးလေးနဲ့
"ကျွန်မက မနေ့တနေ့ကမှ အရှေ့နန်းဆောင်ကို ရောက်တော့ သခင်လေး၀မ်ဆီလာရောက်နှုတ်ခွန်းဆက်သမလို့ပါ"

၀မ်ချီရဲ့နဖူးပေါ်မှာချွေးအေးတွေတောင်ထွက်လာသည်။
သူက ထိုမိန်းကလေးကိုအကဲခတ်လိုက်ပေမယ့် တစ်ခါမှ မမြင်ဖူးမရင်းနှီးပေ။
သူ့မူလကိုယ်ရဲ့အရင်မှတ်ဉာဏ်တွေကိုပြန်တွေးပေမယ့်လည်း ဒီမိန်းကလေးနဲ့ပတ်သက်တာတွေဘာမှမရှိပေ။
၀မ်ချီငြိမ်နေတုန်း မိန်းကလေးကပြုံးလိုက်ပြီး
"ဒါပေမယ့် သခင်လေး၀မ်ထွက်သွားတာကို အဝေးကနေပဲမြင်လိုက်ရပြီး အခုဒီအဆောင်ငယ်လေးကိုရောက်တော့မှ သခင်လေး၀မ်ကိုရင်းနှီးနေတာနဲ့ မှတ်မိလိုက်တာ"

၀မ်ချီက ခဏလောက်အသက်ရှူချောင်သွားပေမယ့် ပြန်ပြီးစိုးရိမ်လာပြန်သည်။
ဒီမိန်းကလေးက သူ၀မ်လျန်မဟုတ်ဘူးဆိုတာသိသွားပြီလို့ထင်လိုက်သည်။
၀မ်ချီခပ်တည်တည်ဖြစ်နေတာတွေ့တော့ မိန်းကလေးက မတတ်သာတဲ့ပုံနဲ့ရယ်လိုက်ပြီး
"ကျွန်မနာမည်က ယွဲ့ရှန်းပါ...သခင်လေး၀မ်ကသူစိမ်းတွေနဲ့ဆိုရင် ရှက်တတ်ပုံပဲနော်"

"အ..အင်း"
၀မ်ချီက မျက်လွှာအသာချကာ
"ကျွန်တော့်မှာကိစ္စလေးရှိသေးလို့ သွားခွင့်ပြုပါဦးဗျ"
အဲ့လိုပြောပြီးတော့ ၀မ်ချီလစ်ထွက်လာဖို့ကြံနေတုန်း သူ့နောက်မှယွဲ့ရှန်းကခေါ်လာပြန်သည်။

"သခင်လေး၀မ် ခဏစောင့်ပါဦးရှင့်"
ယွဲ့ရှန်းက
"ကျွန်မ သခင်လေး၀မ်ကိုလက်ဆောင်လေးလည်းပေးချင်တယ်...ပြီးတော့ သခင်လေး၀မ်က ကုန်းကုန်းနဲ့အစေခံတွေကိုလည်းမခေါ်လာတော့ ကျွန်မအဆောင်မှာလိုက်ပြီး ခဏနားရင်းစကားစမြည်ပြောကြရအောင်လေ"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now