အခန်း - ၅၂

36.3K 3.6K 760
                                    

UNICODE

နေရောင်နဲ့ လေထုကို သင့်တင့်စွာ အချိုးချထားတဲ့ ဝန်းကျင်တစ်ခွင်က စိမ်းစိုနွေးမြလျက် ရှိပါတယ်။ မျှော်ကြည့်လေတိုင်း မတ်တာဟွန်ကို မြင်နေရပြီး အဲလ်ပ်တောင်တန်းတွေ သွယ်တန်းထားပုံက ရှူမငြီးစရာ သဘာဝ ပန်းချီတစ်ချပ် ပမာ။

ပွဲကျင်းပရာ နေရာလေးက မစ္စတာမာကိုရဲ့ အီတလီ စားသောက်ဆိုင်ကလေး အနီးမှာ ဖြစ်ပြီး ဒီကနေ့ကို ကောင်းချီးပေးဖို့ စောင့်ဆိုင်းနေသလို မတ်တာဟွန်က ဖြာကျလာတဲ့ နေရောင်ခြည်က အခါခါတိုင်းထက် ပိုလို့တောက်ပနေသလို။

မင်္ဂလာတေးသံသာက အထက်ဘဝင်တိုင် ငြိမ့်ငြိမ့်ကလေး လွင့်ပျံနေပြီး နတ်ဖက်တဲ့ စုံတွဲအလား အကြည့်မလွဲချင်စရာလို့ လူပြောများနေတဲ့ သတို့သားနှစ်ယောက်ကို ကောင်းချီးပေးဖို့ ရောက်လာကြတဲ့ ဧည့်ပရိသတ်တွေက ဝင်လာမဆဲ တသဲသဲ။

မစ္စတာမာကိုအာနိုနဲ့ မစ္စအန်မာအာနိုရဲ့ တစ်ဦးတည်းသော သားငယ်လေးမို့ ဇာမတ်မှာဆို မျက်ဝန်းပြာကလေးကို မသိသူ မရှိသလောက်ပါပဲ။ တစ်ခါမြင်ဖူးရင် တစ်သက်မမေ့စရာ မျက်နှာလေး ဖြစ်တဲ့အပြင် သက်ဆိုင်သူ အမျိုးသားကလဲ သိပ်ကို ခံ့ညားလွန်းကြောင်း သတင်းကြီးလှပါတယ်။

မင်္ဂလာရက်မြတ် မတိုင်ခင်အထိ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်လို့ ဇာမတ်ရဲ့ နေရာတိုင်းမှာ ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြတဲ့ သတို့သားနှစ်ယောက် အကြောင်းက မြို့နေလူထုကြားမှာ လူပြောများခဲ့တဲ့ အချစ်ဇာတ်လမ်းကလေးပါပဲ။

ဒီစုံတွဲလေးနဲ့ အမှတ်မထင် ဆုံကြလေတိုင်း ဆောလ်အာနိုကို အရင်မြင်ကြသူတွေက ချစ်စရာကောင်းမှုလေးကို လည်ပြန်ငေးကြသလို၊ ဘရိုင်ယန့်ကို အရင်မြင်ကြသူတွေက ခံ့ညားမှု အရှိန်အဝါအောက်မှာ လွှမ်းမိုးခံကြရပါတယ်။

ဘရိုင်ယန် ဆိုတဲ့ လူခံ့ညားကြီးက ဘာရယ်မဟုတ် အပြုံးစစနဲ့များ ဝေ့ကြည့်လိုက်ရင် ပျိုဖြူချောတို့ နှလုံးသားလေးတွေ ကတုန်ကယင် ဖြစ်ကြရပါတယ်။

ပြီးနောက် စုံတွဲမှန်း သတိထားမိကြတဲ့အခါ "လိုက်ဖက်လိုက်တာ" ဆိုတဲ့ စကားသံတွေက ထိုသူတို့ရဲ့ နှုတ်ဖျားမှာ ကောင်းချီးဩဘာအဖြစ် လျှံကျလာကြပါတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now