အခန်း - ၄၆

49.1K 5K 2K
                                    

UNICODE

"နင့်တူ တစ်ခုခု ဖြစ်နေပြီ ထင်တယ်၊ သူနဲ့ ဖုန်းပြောပြီးကတည်းက ငါ စိတ်တွေလေးနေလို့ ရှိမဲ့နေရာ သွားခေါ်ပြီး ဒီတစ်ည စောင့်ရှောက်ပေးပါဟာ၊ ဆောလ်အတွက် အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်နေရတယ် ထင်တယ်၊ ကျေးဇူးပြုပြီး အော်တိုဝါရေ..."

အစ်မဆီက ငိုသံကြီးနဲ့ ဖုန်းဝင်လာကတည်းက သူ ဗျာများနေတော့တာ။ သူတို့သားအမိရဲ့ မသိစိတ်ချင်း ဆက်သွယ်ချက်ကို အော်တိုဝါ ယုံတယ်။ သားဖြစ်သူနဲ့ ပတ်သက်ပြီး အန်မာ စိုးရိမ်လွန်ကဲချိန်တိုင်း ဆောလ်မှာ မကောင်းတာ တစ်ခုခု ဖြစ်တတ်တာ သိထားတာမို့ ဆက်တိုက် ဖုန်းခေါ်နေပေမဲ့ တစ်နာရီလောက် ကြာပြီးမှ ဝင်သွားတဲ့ ဖုန်းကောလ်လေး။

လူစိမ်းတစ်ယောက် လာကိုင်တာမို့ ရင်က ဒိန်းခနဲ ဆောင့်ခုန်တယ်။ မဟုတ်မှ ဆောလ် ဒဏ်ရာရနေတာလား။ ဖုန်းတောင် မကိုင်နိုင်တဲ့ အခြေအနေမှာ ရှိနေတာလား။ သွေးပျက်နေဆဲမှာ...

"ဟယ်လို"

"အခု ပြောနေတာ ဘယ်သူလဲ၊ ဆောလ်အာနိုက ဘာလို့မကိုင်တာလဲ"

သူ့အသံ ဘယ်လောက် လောသွားလဲမသိ၊ တစ်ဖက်က သက်ပြင်းရှိုက်တယ်။

"ဒီမှာ ဦးလေးလို့ မှတ်ထားတယ် ဆိုတော့ ဆောလ်အာနို ဦးလေးမို့လား"

"ဟုတ်တယ်၊ ငါ သူ့ဦးလေးပဲ"

"ဒါဆို ခင်ဗျား ဒီကို လာခဲ့မှ ရမယ်"

"မဟုတ်မှ... ဆောလ် အန္တရာယ်ကင်းရဲ့လား"

ပတ်ဝန်းကျင် အသံတွေ နားစွင့်ကြည့်ပေမဲ့ ပကတိ တိတ်ဆိတ်နေဆဲ။ ဒီအခြေအနေက မူမှန်ရဲ့လား အော်တိုဝါ မသိ။

"အန္တရာယ် ကင်းပေမဲ့ လန့်ထားတဲ့အရှိန်နဲ့ ဆေးရုံ ပို့ဖို့လိုလိမ့်မယ်၊ ဆောလ်အာနိုကော၊ သူ့ချစ်သူကော နှစ်ယောက်လုံး ဒဏ်ရာနည်းနည်းစီ ရထားတယ်၊ နေရာအတိကျ ပို့ပေးမှာမို့ အပန်းမကြီးရင် လာခေါ်ပေးစေချင်ပါတယ်"

"ချက်ချင်း ထွက်လာခဲ့မယ်"

ဖုန်းထဲကို လိုကေးရှင်း ဝင်လာကတည်းက ကမူးရှူးထိုး ထွက်လာခဲ့ပေမဲ့ မြို့စွန်ကို သူ ရောက်တော့ပဲ ည ၁၂ နာရီ ထိုးလုနီးပါး။ ဝန်းကျင်တစ်ခွင် တိတ်ဆိတ်နေပုံက ခြောက်ခြားဖွယ်ရာ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now