အခန်း - ၄၇

46.6K 4.5K 570
                                    

UNICODE

အချိန်က ည ၁၁ နာရီ။

အိန်ဂျယ်နဲ့အတူ ယန်နိုလေးလဲ ပြန်သွားပြီ ဖြစ်သလို၊ ကိုမြတ်နိုးတို့ ဇနီးမောင်နှံလဲ ပြန်သွားပါပြီ။ ဘယ်လောက်ပြောပြော ကုတ်နဲ့ ကော်တောင် မပြန်ချင်တဲ့ ကိုင်လာနဲ့ ပီတာကတော့ အော်တိုဝါကိုယ်တိုင် ဒီနေ့အတွက် ပြန်နားလိုက်အုံး ဆိုလေမှ စိတ်မချသလို လှည့်ကြည့်လှည့်ကြည့်နဲ့ ပြန်သွားကြပုံက ဆောလ်အတွက် ရယ်ရမလို ငိုရမလို။

လက်ကနာရီကို မကြာခဏ ပင့်မြှောက်ကြည့်ရင်း နေမရ ဖြစ်နေသူက ဆောလ်တစ်ယောက်တည်း။ ညဆယ်နာရီ ဝန်းကျင်ကတည်းက မိဘနှစ်ပါး၊ မစ္စတာလော်ရန်၊ အော်တိုဝါနဲ့ ဘေဘီတို့အားလုံး အခန်းတစ်ခုတည်း ဝင်ရောက်သွားခဲ့ပြီး ဆောလ်ငယ်ဘဝကို ဘေဘီ့ထံ ဖွင့်အံနေကြပါတယ်။

အနားမှာ လိုက်ထိုင်ချင်ပေမဲ့ ဘယ်သူမှ ခွင့်မပြုလို့ ငြိမ်ငြိမ်လေး နေခဲ့ရပေမဲ့ မီးခဲဖင်ခုထိုင်သလို တစ်ယောက်တည်း ဗျာများနေတာ ကြာပြီ။ ဘေဘီက စိတ်မပူဖို့ မှာခဲ့ပေမဲ့ ချစ်ရတဲ့ လူမိုက်ကလေး ထပ်နာကျင်ရအုံးမယ်ဆို ဆောလ် ရူးဖို့သာ ကျန်ပါမယ်။

ဒီနေ့ဆို ဆောလ်တို့ ဆေးရုံတက်တာ သုံးရက်တင်းတင်း ပြည့်ခဲ့ပြီ။

ပထမဆုံးရက်မှာ ပါပါးနဲ့ မာမား ရောက်လာပြီး ဒုတိယရက်မှာ ကိုမြတ်နိုးတို့ ဇနီးမောင်နှံအပြင် အိန်ဂျယ်တို့သားအဖနဲ့ ယန်နိုလေး ပါလာပြီး အော်တိုဝါရဲ့ သတင်းပေးမှုကြောင့် သိပ်မကြာခင် ပီတာပါ ရောက်လာခဲ့တယ်။ ဆောလ်ကို မြင်ကတည်းက ဝမ်းပန်းတနည်း အော်ငိုတဲ့ ပီတာ့ကြောင့် ဆေးရုံထဲမှာ ဝက်ဝက်ကွဲသွားတာလဲ အမှတ်တရပါပဲ။

ကိုမြတ်နိုးကတော့ ဒဏ်ရာတွေ ကိုယ်စီနဲ့ ဆောလ်တို့နှစ်ယောက်ကို မြင်ကတည်းက မျက်ရည်ကျသလို ဘေဘီ့ဆီ ဦးတည်ပြီး တလေးတစား တောင်းပန်တဲ့အခါ ဘေဘီ့ဘက်က ရိုင်းပျမိတာတွေ ပြန်တောင်းပန်တာမို့ အချိန်တိုအတွင်းမှာ ငြိမ်းချမ်းခဲ့ရတဲ့ စကားဝိုင်းလေးပါပဲ။

ထိုနှစ်ရက်အတွင်း ရှိထားကြတဲ့ အာဃာတတွေ ကိုယ်စီ ဖြေဖျက်ရုံမက အချင်းချင်း ခွင့်လွှတ်စကား ဆိုကြရင်း နှစ်လို့စွာ ပျော်ရွှင်ခဲ့ကြပေမဲ့ ဒီကနေ့ ညဦးပိုင်းမှာ ဂျီနီဗာမြို့တော်မှာ နေထိုင်တဲ့ မစ္စတာ လော်ရန်က မာမားရဲ့ သတင်းပေးမှုကြောင့် ဆောလ်တို့ နှစ်ဦးရဲ့ ထူးဆန်းတဲ့ ချစ်ခြင်းမေတ္တာကို ဝမ်းပန်းတသာ ဂုဏ်ပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now