အခန်း - ၄၀

52.5K 4.8K 1.8K
                                    

UNICODE

အလုပ်လုပ်နေရင်း စိတ်ကမပါ၊ ကီးဘုတ်ပေါ် လက်တင်လျက် လည်တိုင်ကြီး ရှည်ပြီး နောက်ဖေးကို မကြာခဏ မျှော်ကြည့်နေမိတယ်။ တစ်ခါတစ်ခါ ယန်နိုနဲ့ ကျီစယ်သံလေး ကြားနေရပေမဲ့ အရိပ်လေးတောင် မမြင်ရသလို၊ အနားကို တစ်ကောင်မှ ရောက်မလာ။ ညနေတောင် စောင်းနေပြီ၊ ဘယ်လိုတောင် နေနိုင်ရက်တဲ့ သတ္တဝါတွေလဲ။ ဘယ်လိုတောင် နှလုံးသားမဲ့ကြတာလဲ။

တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်နဲ့ သူတစ်ယောက်တည်း ဧည့်ခန်းအလယ်မှာ ကော့ကလန်ကြီး။

အခုနေများ ဘာလို့ မျက်စိအောက်မှာ လာမနေသလဲလို့ မေးလိုက်ရင် မျက်လုံးလေး ဝိုင်းလာပြီး ဘေဘီ အလုပ်ရှုပ်နေလို့ အလိုက်သိတာလေ သို့မဟုတ် ဘေဘီ မျက်မှောင်ကြုတ်နေလို့ ငြိမ်ငြိမ်လေး နေပေးတာလေလို့ ပြောအုံးမှာ။

ကိုယ့်မျက်နှာနဲ့ကိုယ် မှုန်ကုပ်တာနဲ့ပဲ သားအမိနှစ်ယောက်လုံး အနားလာမကပ်တာက လွန်တယ် မဟုတ်ဘူးလား။ အခြေခံအချက်တွေကအစ လိုက်ပြောနေရမှာလား။ အဲ့ဒီပါးစပ်လေးက ချစ်တယ်သာ မနားမနေ ပြောနေတာ၊ သူ့သားနဲ့ ပျော်နေပြီဆို ကိုယ့်များ ဖုတ်လေတဲ့ငပိ ရှိတယ်တောင် မထင်။

ဘာဆယ်ကနေ ဇူးရစ်ကို ပြန်ရောက်တာပဲ တစ်ပတ်ရှိပြီ။

ပြန်ရောက်ကတည်းက ခွေးကိုကြီးက ဘယ်လောက် သဘောကောင်းကြောင်း၊ ခံ့ညားကြောင်း၊ ခွေးကိုကြီးရဲ့ အိမ်ထောင်ဖက်က ဘယ်လောက် ချောကြောင်း၊ ကြင်နာတတ်ကြောင်းတွေ သူ့သား ယန်နိုကို တစ်ဖွဲ့တစ်နွဲ့ ပြောပြနေသံ ကြားနေရတာ။

လိမ္မာဖို့ ကြိုးစားနေတဲ့ ကောင်စုတ်လေးဆီက တီတီတာတာ အသံတွေ အရင်လို သိပ်မကြားရသလို မျက်စိရှေ့မှာ မူးနောက်နေအောင် ယန်နိုနဲ့ ဆော့မပြတာလဲ ကြာပြီ။ သူ့ကိုသာ ပလစ်ထားကြတာ နှစ်ကောင်သားကတော့ အဆော့မပျက်၊ အချစ်မပျက်။ အရင်ထက်တောင် ပိုစည်းလုံးနေသလို၊ ဘက်ပဲ့နေသူက သူတစ်ယောက်တည်း။

မျက်မှောင်ကြုတ်လျက် ကွန်ပျူတာကို ငူငူကြီး စိုက်ကြည့်မိချိန် ပြတင်းကတစ်ဆင့် ဝဲလွင့်လာတဲ့ ရွက်ကြွေ တစ်ရွက်က သူ့အလုပ်စားပွဲပေါ် တန်းတန်းမတ်မတ် ရောက်လာတဲ့အခါ သူ့နှုတ်ခမ်းတွေ အလိုလို ပြုံးယောင်သန်းလာတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now