အခန်း - ၁၅

38K 4.4K 919
                                    

UNICODE

တစ်ယောက်ယောက်က သိုင်းဖက်ပေးထားလို့ လူတစ်ကိုယ်လုံး နွေးမြနေပေမဲ့ စောင်းအိပ်ထားတဲ့ တစ်ဖက်ခြမ်းက ကျဉ်ခဲလာပြီ။ နိုးလာတဲ့ အသိစိတ်နဲ့ မော့ကြည့်လိုက်တဲ့ တစ်ခဏ ထင်းနေတဲ့ မေးရိုးကို ဦးဆုံး မြင်လိုက်ရတယ်။

ရင်ထဲမှာ ဒိန်းခနဲ။

မြင်ကွင်းကို အတည်ပြုပြီးနောက် အသက်ဝဝရှူသွင်းခြင်းနဲ့အတူ နှုတ်ခမ်းသားတွေ ပြုံးယောင်သန်းသွားတယ်။ ဘဘကြီး ရင်ခွင်ထဲမှာ လူတစ်ကိုယ်လုံး နှစ်မြုပ်နေတယ် ဆိုတဲ့ အသိက အသံထွက်ပြီး အူမြူးလိုက်ချင်သလိုလို တိမ်တွေပေါ်ကို နေ့ချင်းပြန် ခရီးထွက်လိုက်ရသလိုလို။

အိပ်ရာပေါ်မှာ လူတစ်ကိုယ်လုံး တွန့်လိမ် ကွေးကောက်သွားတဲ့အထိ အူမြူးလိုက်ချင်စိတ်ကို မြိုသိပ်ပြီး ကမန်းကတန်း ပြန်တွေးကြည့်မှ ညတုန်းက အခြေအနေတွေက ခေါင်းထဲမှာ ထင်းလင်း ပြတ်သားလာတယ်။

ဟုတ်တာပဲ။ ညက... ညက ဘဘကြီးပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တာ။ ဒီရက်တွေအတွင်း အိပ်စက်ရခက်လောက်အောင် အလွမ်းသင့်နေခဲ့တဲ့ကောင်က ဘဘကြီးနဲ့ ထိတွေ့လိုက်ကတည်းက ငြိမ်းချမ်းသွားခဲ့တာ ဘယ်လို ဓာတ်သဘောလဲ။ ဒီရင်ခွင်မှာ မှီတွယ်လိုက်ကတည်းက လောကကြီးကို ပစ်ချထားခဲ့ပြီး ဒီလက်မောင်းတွေကြားထဲမှာ အိပ်မောကျသွားခဲ့တာ။

ငြိမ်းချမ်းမှုတွေရဲ့ ဆုံမှတ်။ အိပ်စက်ခြင်းရဲ့ အဖော်မွန်။ ချစ်ခြင်းမေတ္တာရဲ့ အရှင်သခင်။ လွမ်းဆွတ်ခြင်းရဲ့ အဆုံးသတ်။ မေတ္တာ အနားသတ်မျဉ်းတွေရဲ့ ထိစပ်ရာ ဗဟိုလေး။

ဟုတ်တယ် ဒီလူဟာ ဆောလ်အတွက် အဲ့သလို လူပါပဲ။ ကံတရားက ဒီတစ်ခါ မျက်နှာသာ ပေးခြင်းမှာ ဒီလက်ကို ဘယ်တော့မှ ပြန်မလွှတ်ဖို့ တစ်ကိုယ်ရေ သေချာသွားခဲ့ပြီ။ နှစ်မြို့သည် ဖြစ်စေ မနှစ်မြို့သည် ဖြစ်စေ ဒီလူ့အနားမှာ ကပ်လျက် တည်ရှိတော့မှာ။

ဘယ်လောက် တွန်းထုတ်၊ တွန်းထုတ်။

ပျော်ရွှင်မှု ဆိုတာ လက်နှစ်စုံ တင်းတင်းယှက်တိုင်း၊ မျက်ဝန်းခြင်း ငြိတွယ်လိုက်တိုင်း၊ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်ကြတိုင်း အတိုင်းအဆမဲ့ ပေါ်ပေါက်လာတတ်ကြောင်း ဒီလူ သိအောင် ပြပေးတော့မှာ။ ဒီလူ ချစ်တတ်လာဖို့ ဆောလ် သင်ကြားပေးမှာ။ သူ့ဘဝတစ်ခုလုံး ဆောလ်နဲ့တင် ပြည့်လျှံသွားတဲ့အထိက ဆောလ် အားထုတ်ရမဲ့ အနာဂတ် စီမံကိန်းတွေ။

"Take Me Home Where I Belong" (Completed)Onde histórias criam vida. Descubra agora