အခန်း - ၃၅

44.8K 4.7K 1.8K
                                    

UNICODE

လက်က နာရီကို ကြည့်တော့ လေးနာရီကွက်တိ။

မကြာခင် ရောက်လာတော့မှာ သိတာမို့ အကြောအချဉ်တစ်ချက် ဆန့်ရင်း ကားပေါ်က ဆင်းလိုက်တာနဲ့...

"ဘေဘီရေ"

အသံလေးနဲ့အတူ မူပိုင်ဟန်လေးအလား ပြေးချလာပုံက လက်ကလေးနှစ်ဖက် ဆန့်တန်းလို့။ နီးစပ်ရာ ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်အတူ နေ့လယ်စာ သွားစားတုန်းကလဲ သူ့ဘေးက တစ်စက်လေးမှ ခွာချ မရလို့ ဘေးလူတွေတောင် သတိထားမိတဲ့အထိ ဆောလ်အာနိုတို့ ကဲပုံသည်းပုံက နှစ်ယောက်မရှိ။

နောက်ဆုံးတော့ မျက်နှာပူပူနဲ့ ဒီအတိုင်း တစ်နေ့ခင်း ကုန်လွန်သွားတာပါပဲ။ အခုလဲ အနားကို တရိပ်ရိပ် နီးကပ်လာပုံက မူမှန်မနေ။ လူတစ်ယောက်လုံး ကားအောက် ဆင်းရပ်နေတာ မြင်ပါလျက် ဘာကြောင့် အသည်းအသန် ပြေးနေရပါသလဲ။ ဒီလိုကနေ ချော်လဲကုန်ရင်ဖြင့်...။

အတွေး မဆုံးခင် "အား" ခနဲ အော်သံလေးနဲ့အတူ မျက်စိရှေ့မှာ လဲကျသွားတာ ဘိုင်းခနဲ။ ပြေးထူရမဲ့အစား ရယ်ချင်လာတာ တားမရ။ ကောင်းကောင်းလာရင် ရပါလျက် လျှပ်စီးလက်နေတာ။ အခုပဲ ကြည့်လေ လဲကျနေပုံက ဝမ်းလျားမှောက်လျက် ကားရားကြီး။

သူ့ထက် လည်တဲ့ ကောင်စုတ်လေးက ပတ်ဝန်းကျင်ကို ပြူးတူးပြဲတဲ ဝေ့ကြည့်တယ်။ လူတချို့ စပ်စုနေကြတာ သိတာနဲ့ ချော်လဲလျက် အနေအထားကနေ မေးစေ့ကို လက်နှစ်ဖက်နဲ့ ပစ်ထောက်ပြီး ခြေထောက်နှစ်ချောင်းကို နောက်ပြန် ချိတ်ပစ်လိုက်ပုံက သောက်ကျိုးနည်း သူ့ကိုယ်သူ ကမ်းခြေရောက်နေတဲ့အလား။

ဒါကို ချော်လဲရောထိုင်လို့ ခေါ်မလား။ အရှက်ပြေ လုပ်နေတယ် ခေါ်မလား။ ဒီကောင် သူ့ကိုယ်သူ ကားပါကင်မှာ ပစ်စလက်ခတ် လဲကျနေတာကော သတိရသေးရဲ့လား။ မျက်နှာကို တစ်ဖက်လှည့် ရယ်ပြီး အနားရောက်သွားတဲ့ သူက ချက်ချင်း ထူမပေးဘဲ ဘေးမှာ ငုတ်တုတ်ထိုင်ချရင်း...

"ဘယ်လိုဖြစ်လို့ လျှပ်စီးလက်နေတာလဲ"

"ဆောလ်ကို မဆူနဲ့နော်"

မေးတာ တခြား ဖြေတာ တခြား။ ပြောပုံလေးက အမောတကောနဲ့ တစ်ခုခုကို စိုးရိမ်နေဟန်။

"Take Me Home Where I Belong" (Completed)حيث تعيش القصص. اكتشف الآن