UNICODE
"ယန်နို... မစားဘူးလား၊ စားမှာလား"
"ဝုတ်... ဝုတ်"
အလုပ်လုပ်နေရင်း ဘာရယ်မဟုတ် နားထဲ ဝင်လာသမျှ အကုန်ကြားနေရတော့တာ။ လှည့်မကြည့်ပေမဲ့ ယန်နို့ကို နေ့လယ်စာ ကျွေးနေမှန်း ရိပ်မိတယ်။ ဆောလ်အာနိုတစ်ယောက်က ခွေးကို လူလို မွေးနေတာ လူလို။ အိမ်ကပ်တဲ့ နေ့ရက်တိုင်း မစားမချင်း စိတ်လက်ရှည်စွာ ချော့မော့ကျွေးပုံက သူ့ကိုယ်သူ မာတာမိခင်ကြီးအလား။ ဆူလိုက် ပြောလိုက် လုပ်တာက ပါသေး။
တစ်ချက်တစ်ချက်...
"ယန်နိုနော်... ပြောစကား နားမထောင်ရင် မင့်ပါပါးနဲ့ တိုင်မှာနော်"
မဆီမဆိုင် ဝဋ်ကြီးကြီး ခံနေရသလို နားမခံနိုင်သူက သူပဲ။
"ယန်နိုနော်၊ မာမားက ချစ်တယ် ဆိုတိုင်း အလိုတော့ မလိုက်ဘူး၊ မာမား ကျွေးတာကို အခုချက်ချင်း စားမှ မာမားက နောက်ကြောင်း အေးအေး စာလုပ်နိုင်မှာကွ"
ဖြစ်ရလေ။ ခွေးပဲ ခွေးစာခွက်ထဲ ထည့်ပေးထားရင် ဗိုက်ဆာချိန် ယူစားလိမ့်မပေါ့။ သူနဲ့ ယန်နို နှစ်ယောက်တည်း ရှိချိန်ဆို ဒီအတိုင်းပဲ လုပ်နေကျ၊ အဆင်လဲ ပြေနေတာကို ဒင်းကျမှ ပိုလွန်းတာ။ ခွေးသားအမိကို စိတ်ဝင်စားနေတော့ ထိုင်ကြည့်နေတဲ့ စတော့ အတက်အကျ ဂရပ်တွေက မျက်လုံးထဲ မြင်သလိုလို မမြင်သလိုလို။ အသံလေး တိုးသွားလိုက်၊ ကျယ်လာလိုက်ဆီပဲ အာရုံက ရောက်ရောက်နေတယ်။
"ဝုတ်... ဝုတ်"
"အေးနော်... ဒီမှာကြည့်စမ်း၊ မာမား ပြောပြမယ်"
မာမား ပြောပြမယ် ဆိုတာပဲ ကြားလိုက်ရပြီး နောက်ထပ် ဘာသံမှ ထပ်ထွက်မလာ။ တည့်တည့် လှည့်မကြည့်ပေမဲ့ မျက်ဝန်းထောင့်စွန်းက ငဲ့ကြည့်လိုက်တော့ ယန်နို့ နားရွက်ထဲကို မျက်နှာဝင်တော့မတတ် ထိကပ်ပြီး ဘာတွေ တိုးတိုးပြောနေမှန်း မသိ။ တဟိဟိ ရယ်တာမျိုးပါ လုပ်နေတော့ လူက ပိုသိချင်လာသလို။
ဗေဒင် မေးမှ ဆန်ကုန်အုံးမယ်။ ဒီအိမ်မှာ တိုးတိုးပြောတာဆိုလို့ သူ့အတင်း အပြင် ဘာရှိအုံးမှာလဲ။
![](https://img.wattpad.com/cover/298118569-288-k842106.jpg)
YOU ARE READING
"Take Me Home Where I Belong" (Completed)